ပေါင်မုန့်အုန်းနို့ဆမ်း ((( ကြူးနှစ် )))

 

သူငယ်ချင်းတို့ကို ကျွန်တော်က အစားအသောက် တစ်ခုခုအကြောင်းပြောပြလိမ့်မည်ဟု မထင်ကြ
ပါနှင့်။ သူငယ်ချင်းတို့ကို မြို့ငယ်ကလေး တစ်မြို့နှင့်အလွန်သင်းပျံ့မွှေးကြူသော က္ကုတ္တိယပါးပြင်
ကလေးတစ်ခုတို့အကြောင်း ကိုသာ ပြောပြချင်ပါသည်။ ကျွန်တော်သည် ၀တ္ထုဇတ်လမ်းများ ရေးဖွဲ့
ဖန်တီးတတ်သည့်စာရေးဆရာတစ်ယောက်ဖြစ်သောကြောင့် သူငယ်ချင်းတို့ ယနေ့ခေတ် ဗန်းစကား
ကို သုံးနှုန်းပြီးလျှင် “ ဒီငနဲ ပုံပြောတော့မှာပဲ “ ဟုဆိုချင်ဆိုကြပါလိမ့်မည်။ ဗန်းစကားအသုံးအနှုန်းအ
ရ “ ပုံပြောခြင်း “ မှာလိမ်ညာလှည့်စားသော စကားကို ပြောဆိုခြင်းဟု အဓိပ္ပါယ်ပေါက်နေသည်။ကျွ
န်တော်က လုပ်ကြံလီဆယ်မည်မဟုတ်ပါ။ ( true story ) စစ်စစ်ကို ပြောပြမှာဖြစ်သည်။ သွား
လေသူ အမျိုးသားပညာဝန် ဦးဖိုးကျားကဲ့သို့ပင် ကျွန်တော်သည် “ကိုယ်တွေ့ဝတ္ထု “ ကိုရေးသားမှာ
ဖြစ်သည်။ ကိုယ်တွေ့ဖြစ်ရပ်ကို ဖောက်သည်ချသည်ဟု ယူဆလိုက ယူဆနိုင်ပါသည်။ ဖြစ်ရပ်ဟုဆို
လိုက်၍ သူငယ်ချင်းတို့က ပခုံးများတွန့်လိုက်ကြပြီး “ ဖြစ်ရပ်တွေ အဖြစ်အပျက်တွေကို သရုပ်ဖော်တဲ့
ဝတ္ထုပုံစံက ဟောင်းနွမ်းဆွေးမြေ့ ခေတ်ကုန်နေပါပြီကွာ၊ မော်ဒန် မဖြစ်တော့ပါဘူး “ ဟု ဆိုချင်ဆို
လာကြဦးမည်။
သူငယ်ချင်းတို့ ဆင်ခြင်ကြည့်ပါ။ ကမ္ဘာဦးလူမှစ၍ မျက်မှောက်လူအထိ ဖြစ်ရပ်တွေကိုသာ ပြောဆို
နေကြခြင်းဖြစ်သည်။ စာအုပ်အများစုကို ဖတ်ကြည့်ပါဦး။ ဖြစ်ရပ်တွေကိုချည်း တွေ့ရှိပေလိမ့်မည်။
“ မီဒီယာ “ တွေကလည်း ဖြစ်ရပ်တွေကိုသာ ၀န်ဆောင်နေကြခြင်းဖြစ်သည်။ ကျွန်တော်က ဖြစ်ရပ်
တွေကို ၀တ္ထု၊ စာပေ ပုံစံဖြင့် ဖွဲ့နွဲ့ဖန်တီးခြင်းမှာ ထာဝရခေတ်မီနေခြင်းလက္ခဏာဟု သူငယ်ချင်းတို့
လက်မခံနိုင်ကြပေဘူးလား။
ကိုင်း….မြို့ကလေးနှင့် မွှေးကြိုင်သင်းပျံ့သည့်ပါးပြင် ကလေးအကြောင်း ဆီသို့စကားဆက်ကြပါ
စို့။ ကျွန်တော်သည် မကြာသေးမီက (…) မြို့ကလေးသို့ အလည်အပတ်ရောက်ရှိသွားခဲ့ပါသည်။
မြို့ကလေးဟုခေါ်ရခြင်းမှာ အကျယ်အ၀န်း စတုရန်းနှစ်မိုင်ခန့် အိမ်ခြေခုနှစ်ရာခန့်၊ လူဦးရေ တစ်
သောင်းခန့်ရှိသော တိုက်နယ်အဆင့်ရှိသောကြောင့်သာ ဖြစ်ပါသည်။ ထိုမြို့ကလေးသည် မြို့ကြီးပြ
ကြီးများနှင့် များစွာ ဝေးကွာခြင်းလည်းမရှိ။ လမ်းပန်းအဆက်အသွယ် ပြောစမှတ်ပြုလောက်အောင်
ခက်ခဲခြင်းလည်းမရှိသည့်တိုင်အောင် လူနေမှုအဆင့်အတန်းများ ဖွံ့ဖြိုးတိုးတက်မှုနှုန်း နှေးကွေးလေး
လံနေသယောင်ထင်ရပြီး တောမကျ၊ မြို့မကျ စကောစက မြို့တစ်မြို့ဖြစ်နေသည်ဟု ကျွန်တော်ယူ
ဆမိသည်။ ထိုသို့သောလူသားများ နေထိုင်ကြသည့် ထိုမြို့ကလေးတွင် ရုပ်သွင်အားဖြင့် ချစ်စဖွယ်
ကောင်းပြီး ခေတ်ပေါ်ကဗျာ တစ်ပုဒ်၏ အလှကဲ့သို့ မာတောင့်တောင့် ကျွတ်ဆတ်ဆတ် ချောမော
နေသည့်မိန်းမပျိုကလေးတစ်ယောက်ကို ကျွန်တော် အမှတ်မထင်ဆုံစည်းခွင့် ရခဲ့လေသည်။ သူမ၏
အသက်က ခန့်မှန်းခြေ တစ်ဆယ့်ရှစ်နှစ်တစ်ဝိုက်မှာ ရှိလိမ့်မည်။ အရပ်ငါးပေ နီးပါးခန့် ပါးအို့နီနီ
အသားဖြူဖြူ ဖြစ်သည်။ “ မဉ္ဇူ “ အမည်ရှိသည်။ သူမသည် လွန်ခဲ့သော သုံးနှစ်က အဠမတန်း
ကျောင်းသူဘ၀မှ ကျောင်းထွက်ခဲ့ပြီးလျှင် အိမ်၌ပင် မှီခိုသူသက်သက်အနေအထားဖြင့် စားလိုက်အိ
ပ်လိုက်၊ အလှပြင်လိုက် လမ်းထွက်လိုက်နှင့် လတ်လျားလတ်လျား လုပ်နေသူကလေးလည်းဖြစ်ပါ
သည်။ သူမ၏ မိဘတွေက မြို့ဈေးထဲမှာ ကုန်ခြောက်ဆိုင်ဖွင့်ထားသော်လည်း မဉ္ဇူသည် ဈေးဆိုင်၌
ဝိုင်းဝန်းကူညီခြင်းမျိုးမရှိ။ အိမ်တွင်းမှု ဗာဟီရကိစ္စတွေလည်း ပါဝင်ဆောင်ရွက်ခြင်း မျိုးမရှိမှန်းတစ်
မြို့လုံး အသိပင်ဖြစ်သည်။
မဉ္ဇူသည် ကျွန်တော် တည်းခိုနေထိုင်သော အိမ်နှင့်ခြံချင်းကပ်လျက်၊ ခြေရင်းအိမ်မှာ နေသူဖြစ်၍
ကျွန်တော်တည်းသော အိမ်မှ အိမ်သားများနှင့် ခင်မင်ရင်းနှီးကာ သည်ဘက်အိမ်သို့အ၀င်အထွက်ရှိ
၏ ။ တစ်နေ့လျှင် အနည်းဆုံး တစ်ကြိမ်တော့ သည်ဘက်အိမ်သို့ မဉ္ဇူအကြောင်းမရှိ အကြောင်းရှာ
ပြီး ရောက်လာတတ်သည်။ ကျွန်တော့်ကို စာရေးဆရာတစ်ဦးမှန်း သိသောအခါ ကျွန်တော့်အားအင်္ဂါ
ြွှ့ဂိုဟ်သားတစ်ယောက်ကို ကြည့်သလို အထိတ်တလန့်ကြည့်သည်။ သူမ၏ ထိတ်လန့်နေသော
မျက်လုံး ညိုညို ရွဲရွဲများကပင်လျှင် စာဆို ‘ တဂိုး ‘ လိုပုဂ္ဂိုလ်မျိုး လက်မှိုင်ချ ညည်းတွားစေနိုင်လော
က်အောင် ၀င်္က၀ုတ္ထိအလင်္ကာတွေ ပြည့်နှက်နေ၏ ။ သို့သော်မကြာမီ မဉ္ဇူက ကျွန်တော့်ကို ရဲရဲတင်း
တင်း မိတ်ဖွဲ့လာသည်။ သူမ၏ မျက်လုံးတွေက ရင်းနှီးကျွမ်းဝင်မှုကို တောင်းခံနေကြသည်။
“ ဦး၊ စာရေးဆရာမ (…) ကချောလားဟင် “
“ သူကမိန်းမ မဟုတ်ဘူးကွ၊ အသားမည်းမည်း ဗိုက်ရွှဲရွှဲနဲ့ ယောကျာ်းကြီး၊ နှုတ်ခမ်းမွှေးကြီးလည်း
ထားတယ် “ ဟူသော ကျွန်တော်၏ အဖြေစကားကို မဉ္ဇူက အရွှန်းဖောက်သည်ဟု ထင်ပြီးရယ်မော
နေခဲ့ပါသည်။
“ ဦး မင်းသမီး (…)နဲ့ မင်းသား (…)တို့ တိတ်တိတ်ပုန်းလက်ထပ်ထားတယ်ဆိုတာ ဟုတ်သလား
ဟင် “ ကျွန်တော်ဖြေဆိုနိုင်ခြင်းမရှိသော မေးခွန်းမျိုးကို မဉ္ဇူက မေးလေ့ရှိပါသည်။
“ ဦးရေးတဲ့ စာအုပ်ကို မဉ္ဇူတစ်ခါမှ မဖတ်ဖူးဘူး။ ဦးနာမည်လည်း ခုမှ မဉ္ဇူကြားဖူးတာ “ သူမ၏ ပွင့်
လင်းမှုကြောင့် ကျွန်တော်သည် စာပေလောကရှိ ကျွန်တော်၏ နေရာမှန်ကို ပကတိအတိုင်းပြန်လည်
တွေ့မြင်ခွင့်ရလိုက်သည်။ ကျွန်တော်သည် မဉ္ဇူကို ခင်မင်သင့်သည်ထက် ပိုမိုခင်မင်သွားမိရာက
တပ်မက်စိတ်တွေ တိမ်းညွှတ်သွားမိကြောင်း ၀န်ခံရန်မငြင်းလိုပါ။ စောစီးစွာ အိမ်ထောင်ပြုခဲ့မိခြင်း၊
စောစီးစွာ အသက်ကြီးရင့်သွားခဲ့ခြင်းတို့အတွက် မိမိဘာသာနောင်တ ရနေမိပါသေးသည်။ သူငယ်
ချင်းတို့သည် ဤနေရာ၌ ကျွန်တော့်ကို ကဲ့ရဲ့ရှုတ်ချလိုက ရှုတ်ချကြလေကုန်။ သို့ရာတွင် ကျွန်
တော်သည် မနောကံတစ်ခု တည်းသာဖောက်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ များသောအားဖြင့် ကျွန်တော်
သည် ကိုယ့်စိတ်ကိုယ်နိုင်မှု( self control ) ရှိကြောင်း သူငယ်ချင်းတို့ သိရှိကြလိမ့်မည်ဟု
မျှော်လင့်ထားပါသည်။ ကျွန်တော်သည် မဉ္ဇူကို လိုအပ်သည်ထက် အရောတ၀င်မလုပ်လဲ က္ကုနြေ္ဒ
ဆောင်၍ နေခဲ့သည်က များပါသည်။ တစ်ညနေခင်း နေ၀င်ရီ တရောအချိန်တွင် ကျွန်တော်သည်
အိမ်ရှေ့မရမ်းပင်အောက်ရှိ ညောင်ပင်စောင်းပေါ်၌ တစ်ကိုယ်တည်းအေးအေးလူလူထိုင်၍ လေ
ညင်း ( မြောင်းပုပ်ရေဆိုးနံ့စိမ့်ဝင်နေသည် ) ခံအနားယူယူနေခဲ့၏ ။ ကျွန်တော်၏ တည်းအိမ်မှ အိမ်
သားများကား အိမ်ပေါ်တွင် အိမ်ရှိလူကုန် စုဝေးလျက်ညစာ စားသောက်နေကြသည်။ ကျွန်တော်မှာ
ထမင်းစားပြီးခါစ၊ သောက်ဖွာရသော ဆေးပေါ့လိပ်၏ အကောင်ဒြပ်မဲ့ရသ လှိုင်းထဲတွင် တငြိမ့်ငြိမ့်
မျောပါနေလျက်က ဖွဲ့နွဲ့ဖန်တီးစရာ ရေးကွက်များ ရှာဖွေနေချိန်မျိုးပင်ဖြစ်သည်။ ညစ်ပုပ်ပုပ် ညှီစို့စို့
လေရနံ့ကို ကျော်လွှားလျက် ပျံ့ကြိုင်သော အမွှေးနံ့ အစိုင်အခဲတစ်စုံတစ်ရာသည် ကျွန်တော်ထံရုတ်
တရက် ရောက်ရှိလာ၏ ။ ၀ိုးတ၀ါးအလင်းထဲတွင် ကျွန်တော်နှင့် အလွန်နီးကပ်သောနေရာ၌ ရောက်
နေသော မဉ္ဇူကို ကျွန်တော်သတိပြုမိသည်။ ကျွန်တော် ဘာမျှမစဉ်းစားနိုင်မီ၊ ဘာမျှပြန်မပြောနိုင်မီ
မဉ္ဇူသည် ကျွန်တော်၏ ဘယ်ဘက်ဘေးတွင် လူချင်းပူးပူးကပ်ကပ် ထိလျက်ဝင်ထိုင်လိုက်လေသည်
တစ်ချိန်တည်း၌ အေးစက်စက် လက်ချောင်းကလေးဆယ်ချောင်းသည် ကျွန်တော့်ဘယ်လက်မောင်း
ကို ဆုပ်ညှစ်လာကြ၏ ။
“ ဦး ဘာမှမပြောနဲ့နော်၊ ဒီအတိုင်း ငြိမ်ငြိမ်ကလေး ထိုင်နေစမ်းပါ “
မဉ္ဇူတောင်းဆိုသံက တိုးညင်းသည်နှင့်အမျှ ပြင်းပြစွာ အသနားခံနေသည်။ မှုန်လဲ့လဲ့ ဆည်းဆာအ
လင်းထဲတွင် တွေ့ရသော မျက်လုံးဝိုင်းကလေးတွေဆီ၌လည်း တိုးလျှိုးတောင်းပန်ရိပ်တွေကိုအထင်း
သားတွေ့မြင်နေရပါသည်။
“ ဦး ဒီအတိုင်းနေနော် “ ဟုသူမက တိုးဖွဖွကလေး ကပ်ပြောလိုက်ချိန်တွင် ကျွန်တော် မကြားဖူးခဲ့
သော ယောက်ျားတစ်ယောက်၏ ခပ်အုပ်အုပ်ခေါ်သံကို ကျွန်တော်နှင့် ကိုက်နှစ်ဆယ်ခန့်အကွာခြံ
စည်းရိုး မလွယ်ပေါက်အနီးမှ ကြားလိုက်ရပါသည်။
“ မဉ္ဇူရေ မဉ္ဇူ “
မိန်းကလေးသည် ကျွန်တော့်ဘက်သို့ ပိုမိုပူးကပ်တိုးဝှေ့လာ၏ ။ လက်ချောင်းများ၏ ဆုပ်ကိုင်မှုက
လည်း ပိုမိုတင်းကျပ်လာကြ၏ ။
“ မဉ္ဇူရေ မဉ္ဇူ “
ခေါ်သူကို ကျွန်တော်တွေ့လိုက်မိပြီး ကျွန်တော်ကမဉ္ဇူဘက်သို့ မျက်နှာကိုလှည့်လိုက်ရာကျွန်တော်
၏ နှာခေါင်းသည် သူမ၏ ပါးမို့မို့တစ်ဖက်နှင့် ထိလုထိခင် တိုးကပ်သွားစဉ် ကျွန်တော်မကြုံဖူးခဲ့
သော ဂန္ဓာရုံအရသာသည် ကျွန်တော့်ကို တစ်ကိုယ်လုံးဆီသို့ ကူးစက်ပျံ့နှံ့သွားသည့်နှယ်ခံစားလိုက်
ရသည်။
“ ဟာ မဉ္ဇူ “
ခွေးအိုကြီးတစ်ကောင် အစာနင်သော အသံမျိုးကို လူစိမ်းယောက်ျားထံမှ ကြားလိုက်မိပါသည်။ သူ
သည် အာမေဋိတ်ကို ရေရွတ်မြည်တမ်းပြီးနောက် မလာသင့်သောနေရာသို့ နမော်နမဲ့ လာရောက်မိ
သူလို ကတိုက်ကရိုက် လှည့်ထွက်သွားပါသည်။ ထိုလူက မဉ္ဇူတို့ ခြံဘက်သို့ မလွယ်ပေါက်မှကူးဝင်
သွားသည်အထိ မဉ္ဇူက ကျွန်တော့်ကိုဖက်တွယ်ထားဆဲဖြစ်သည်။ ကြုံကြိုက်ခဲ့ရသော အဖြစ်အပျက်
ကို ကျွန်တော်အကဲဖြတ်နိုင်စွမ်း မရှိတော့ပါ။
“ ကျေးဇူးပဲဦး “
ဤသို့သော စကားလုံးအနည်းငယ်မျှကို ရေးကြီးသုတ်ပျာ ရွတ်ဆိုပြီးနောက် မဉ္ဇူသည် ကျွန်တော့်ကို
အညစ်အကြေးတုံးကြီး တစ်တုံးပမာ တွန်းဖယ်၍ ကျွန်တော်၏ တည်းအိမ်ပေါ်သို့ ပြေးတက်သွားပါ
သည်။ ကျွန်တော်ကား ယခုထက်ထိ ကျွန်တော်၏ နှာခေါင်းဝင်မှာ စွဲရစ်ဝဲလှည့်နေဆဲ မွှေးရနံ့ကို အ
သစ်တဖန် ပြန်လည်ရှူရှိုက်ရင်း မိန်းမောတွေဝေလျက်ရှိပါသည်။

 

ဖော်ပြပါ အဖြစ်အပျက်နောက်ပိုင်းတွင် မဉ္ဇူကို ကျွန်တော်တွေ့ခွင့်မရတော့ပါ။ ထိုညနေက ကျွန်
တွေ့မြင်ခဲ့ရသော လူစိမ်းမှာ မဉ္ဇူနှင့် ထိမ်းမြားရန် လူကြီးချင်းသဘောတူထားသော “ မောင်သောင်း
ငွေ “ ဆိုသူဖြစ်သည်။ မောင်သောင်းငွေသည် ထိုမြို့ကလေးတွင် နာမည်ကောင်းရလျက် ကြီးပွားစ
ပြုနေသော ပန်းတိမ်ဆရာကလေးဖြစ်သည်။ အသောက်အစား လောင်းကစားမရှိသည့် လူကောင်း
လူရိုးဟု ပြောကြသည်။ မဉ္ဇူက မောင်သောင်းငွေကို လက်မထပ်လိုသော်လည်း မဉ္ဇူ၏ မိဘများက
မောင်သောင်းငွေလို လူမျိုးကို အမိအရ သမက်ဖမ်းချင်ကြသလို၊ မောင်သောင်းငွေ ကိုယ်၌ကလည်း
မဉ္ဇူမှတစ်ပါး အခြားမိန်းမဆိုလျှင် ယောင်လို့ တောင်မှစိတ်ကူးမည်မဟုတ်ဟု ရပ်သိရွာသိ ကြေငြာ
ထားပြီးဖြစ်သည်ဟု ကျွန်တော်ကြားသိရပါသည်။ မောင်သောင်းငွေသည် ထိုမြို့ကလေးနှင့် ငါးမိုင်
ခန့်ဝေးကွာသော “ အုတ်ဖိုစု “ အမည်ရှိ ကျေးရွာမှ ကြေးရတတ်လယ်ပိုင်ရှင် မိဘများ၏ သားဖြစ်
သည်။ ထိုမြို့ကလေးရှိ ပန်းတိမ်ဆရာကြီးတစ်ဦးထံတွင် ပန်းတိမ် ပညာသင်ယူရာမှ ပန်းတိမ်ဆရာ
ကလေးအဖြစ် အောင်မြင်ထင်ရှားလာခဲ့သည်။ သူ၏ မိဘများလည်း သားအလိုကျ၊ မဉ္ဇူကို ရွှေတစ်
ဆစ်စာနှင့် ငွေသားတစ်သိန်းတင်ကာ တောင်းရမ်းပေးစားဖို့ အဆင်သင့် ဖြစ်နေကြသည်။
ဤအခြေအနေတွင် မဉ္ဇူသည် မောင်သောင်းငွေ အလည်အပတ်လာနေတုန်း သူမကို မုန်းတီးရွံ့ရှာ
သွားစေရန် ကျွန်တော်နှင့်ချစ်ရည်လူး ကြည်နူးနေကြဟန် သရုပ်ဆောင်ပြခဲ့ခြင်းပင်ဖြစ်၏ ။ မောင်
သောင်းငွေသည် သူ၏ ဇနီးလောင်းသည် ယောက်ျားတစ်ယောက်နှင့် ပလူးပလဲလုပ်နေသည်ကိုမျက်
ဝါးထင်ထင် တွေ့မြင်ခွင့်ရသွားခဲ့၏။ သို့သော်မောင်သောင်းငွေက မဉ္ဇူကို စိတ်ပျက်ငြီးငြွေ့ခြင်းဖြစ်မ
သွားခဲ့ပါ။ ရည်းစားလုယူ အူနုကျွဲခတ်ဖြစ်မသွားခဲ့ပါ။ ယောက္ခမအလောင်းအလျာတို့ထံတွင် စေ့စပ်
ကြောင်းလမ်းဖို့ နေ့ရက်ကိုသာ အနီးကပ်ဆုံးရွေးချယ်စီစဉ်ဖို့တောင်းဆိုခဲ့သည်ဟု ကျွန်တော်ကြားသိ
ရပါသည်။ မဉ္ဇူ၏ မိဘများက မဉ္ဇူက ကျွန်တော့်ကို အရူးလုပ်ခဲ့ပြီး သုံးရက်အကြာနေ့ရက်ကို တရား
ဝင်ကြောင်းလမ်းပွဲ အခမ်းအနားကျင်းပမည့် နေ့ရက်အဖြစ် သတ်မှတ်ခဲ့ကြလေသည်။
မဉ္ဇူက ကျွန်တော့်ကို မဖွယ်မရာ အသုံးပြုသွားသည့် ဖြစ်ရပ်ကိုကြားသိခဲ့သော ကျွန်တော်၏ တည်း
အိမ်မှ အိမ်ရှင် ( ကျွန်တော်၏မိတ်ဆွေ ) သည်မဉ္ဇူကို အပြစ်တင် ဆဲဆိုခြင်းထက် ကျွန်တော့်အတွ
က် ဘေးအန္တရယ် ကင်းရှင်းစေရန်ကိုသာ အလေးထား အာရုံစိုက်ခဲ့ပါသည်။ မောင်သောင်းငွေက
ကျွန်တော့်အား လူငှားပြီး အရိုက်ခိုင်းမှာကို ပူပန်ပြီး ကျွန်တော်ကို ခြံဝင်းထဲမှ အပြင်သို့ထွက်ခွင့်မပြု
တော့ပါ။ “ တို့ဆီမှာ အရက်တစ်လုံးတိုက်ရင် ချောင်းရိုက်တတ်တဲ့ ကောင်စားမျိုးတွေ ရှိနေတုန်းပဲ
ကွာ “ ဟု သူကသတိပေးစကားပြောခဲ့ပါသည်။ ကျွန်တော်ကမူ ချောင်းအရိုက်ခံရခြင်းထက် အရိုက်
ခံရပြီး နောက် သတိလစ်နေစဉ် ရေဆိုးမြောင်းပုပ်ထဲရှိ အရိအရွဲများကြားသို့ ပစ်ချထားမှာကိုသာ၍
စိုးရိမ်ကြောင့်ကျမိပါသည်။ သို့ရာတွင် မောင်သောင်းငွေက ကျွန်တော့်အပေါ် အငြိုးထားမှုကို ပူပန်ဖို့
မလိုတော့။ မောင်သောင်းငွေနှင့်မဉ္ဇူကို လူကြီးစုံရာ၏ ရှေ့မှောက်တွင် တရားဝင်စေ့စပ်ကြောင်းလမ်း
မည့်နေ့နံနက် အရုဏ်တက်လောက်တွင် မဉ္ဇူသည် သူမနှင့် ကျောင်းနေဖက်ဖြစ်ခဲ့သော လောင်းက
စားသမားအဖြစ် မကောင်းသတင်းနှင့်ကျော်ကြားနေသူ “ မောင်မင်းဇော် “ ဆိုသူနှင့် ခိုးရာလိုက်ပြေး
သွားခဲ့ကြောင်း ဖြစ်သည်။ အချို့ကလည်း မဉ္ဇူသည် မောင်မင်းဇော် ကိုချစ်ခင်မြတ်နိုးခြင်းကြောင့်မ
ဟုတ်မူဘဲ မောင်သောင်းငွေကို မလိုလား မနှစ်သက်ခြင်းကြောင့်သာ ခိုးရာလိုက်ပြေးသွားခြင်း ဖြစ်
ကြောင်း ဝေဖန်ခဲ့ကြသည်။ မောင်သောင်းငွေသည် မိဘနှစ်ပါး၊ သွေးနီးသော ဆွေမျိုးရင်းခြာအချို့၊
ဇာတိရွာမှ ကာလသား အပေါင်းအဖော်များနှင့်အတူ အုတ်ဖိုစုရွာမှ နံနက်လင်းအားကြီးအချိန်တွင်
ထွက်လာခဲ့သည်။ သူတို့လူအုပ်မှာ အရေအတွက်သုံးဆယ်ခန့်ရှိသည်။ ကာလသားအချို့သည်ထို
နေ့ညနေပိုင်းတွင် စေ့စပ်ပွဲသို့ ကြွရောက်လာမည့် ရပ်မိရပ်ဖ ဧည့်ပရိသတ်များကို ကျွေးမွေးဧည့်ခံမ
ည့် “ ပေါင်မုန့်အုန်းနို့ဆမ်း “ တွင်အသုံးပြုရန် အခွံခြမ်းနွှာပြီးသားအုန်းသီးများ၊ ခရိုင်မြို့ကြီးမှတစ်
ရက်ကြိုတင် ၀ယ်ယူလာခဲ့သည့် ပေါင်မုန့်များကို တောင်းကြီးတောင်းငယ်များဖြင့် ထမ်းရွက်သယ်ယူ
လာခဲ့ကြသည်။ မောင်သောင်းငွေက ၀မ်းသာကြည်နူးစိတ်ကို ထိန်းချုပ်၍ မျက်နှာထား တည်ကြည်
ငြိမ်သက်နေသော်လည်း သူ၏ အပေါင်းအသင်း ကာလသားများသည်ကား မောင်သောင်းငွေအတွ
က် ၀မ်းမြောက်ဝမ်းသာ ပျော်ရွှင်စွာဖြင့် တစ်လမ်းလုံး ဆူဆူ ညံညံ ရယ်သရော၊ မောသရော၊ နောက်
လား ပြောင်လားဖြင့် အူမြူးနေခဲ့ကြသည်။ သူတို့အုပ်စု မြို့ကလေးအ၀င် သာလာယံဇရပ်အနီးသို့
ရောက်လျှင် မောင်သောင်းငွေနှင့် ပန်းတိမ်လုပ်ဖော်ကိုင်ဖက် မြို့ခံမိတ်ဆွေတစ်ယောက်သည် အူ
ယားဖားယား ပြေးလာဆီးကြိုသည်။ ထို့နောက် မောင်သောင်းငွေအား သီးသန့်ခေါ်ယူ၍ တိုးတိုး
တိတ်တိတ် သတင်းပေးသည်။ မောင်သောင်းငွေသည် ရုတ်ချည်း လေဖြတ်ခံရသူလို တစ်ချက်အော်
ဟစ်ညည်းညူလျက် သာလာယံဇရပ် လှေကားထစ်ပေါ်သို့ ဖင်ထိုင်ကျသွားလေသည်။
သူတို့အုပ်စုမှ လူကြီးများ၊ အမျိုးသမီးများသည် မြို့ထဲ၌ ပလိပ်ရောဂါဖြစ်ပွားနေသည့် သတင်းဆိုးကို
ကြားရသည့်နှယ် မြို့ကိုကျောခိုင်း၍ ရွာဘက်သို့ ကမျောသောပါး ခြေဦးလှည့်လိုက်ကြ၏ ။ ကာလ
သားများမှာမူ တက်တခေါက်ခေါက်၊ လက်သီးတဆုပ်ဆုပ်နှင့် သောသောရုတ်ရုတ်ဖြစ်နေကြ၏ ။ သ
တို့သားလောင်း မောင်သောင်းငွေသည် သာလာယံဇရပ်မှ တိုင်တစ်တိုင်ကိုမှီလျက်လူသေအလောင်း
တစ်လောင်းကို ထိုင်လျက်ချထားသည့်ပမာ မလှုပ်မယှက်ကြီး ငေးကြောင်နေသည်။ သတို့သမီးမရှိ
သော အရပ်သို့ သတို့သားသည် မည်သို့လျှင် သွားဝံ့ပါတော့မည်နည်း။ ထို့အတူပင် မယားချော
မယားလှကို ရယူတော့မည်ဟု တစ်ရွာလုံး၊ တစ်ဆွေလုံး၊ တစ်မျိုးလုံးကို လက်မထောင် ၀င့်ကြွားခဲ့ပြီး
ကာမှ ယခုအခါ မိမိရပ်ရွာသို့ ရှက်ဖွယ်လိလိ ထုံးစံဖြင့် မည်သို့လျှင် ပြန်ဝံ့ပါအံ့နည်း။ မောင်သောင်းငွေ
 ရှက်ဒေါသပေါက်ကွဲမှာ၊ သည်းခြေပျက်ပြီး သူ့အသက်သူ ရန်ရှာမှာ စိုးရိမ်ကြသော
အပေါင်းအသင်းနှစ်ဦးက သူ့အနီးမှာ ကပ်ထိုင်လျက် မျက်ခြည်မပြတ် စောင့်ကြပ်နေကြလေသည်။
ထိုနေ့ညနေပိုင်းတွင် ကျွန်တော်သည်မြို့တွင်းမှာထက် စာလျှင်တိုက်ခတ်သော လေထုထဲ၌ အနံ့အ
သက်ပေါ့ပါး ညင်သာသည့်မြို့ပြင်ဘက်သို့ လမ်းလျှောက်ထွက်ခဲ့ရင်း သာလာယံဇရပ်အနီးသို့ရောက်
ရှိသွားခဲ့ပါသည်။ ဇရပ်ရှေ့မှ မန်ကျည်းပင်အောက်တွင် ကာလသားလူငယ်လူရွယ်တစ်စုသည်အရက်
ထည့်ထားသော ပလတ်စတစ်ပုံးတစ်လုံးကို ၀ိုင်းရံ၍ စကားဖွာလောင်ဖွာလောင်နှင့် ဆူညံဆူညံ
သောက်စားနေကြသည်ကို အမှတ်မထင်တွေ့ရပါသည်။ အချို့လူငယ်များသည် အုန်းသီးစိတ်များ
နှင့် ပေါင်မုန့်များကို အမြည်းအဖြစ် ပလုတ်ပလောင်းကိုက်ဝါးမျိုချနေကြကြောင်း သတိပြုမိပါသည်။
ဝတ်ကောင်းစားလှနှင့် သနရုပ်ပရှိသော လူငယ်တစ်ယောက်ကား အမူးလွန်ဟန်ဖြင့် မန်းကျည်းပင်
ခြေရင်း ပြောင်ရှင်းသော မြေမွေ့ယာအထက်တွင် မန်းကျည်းပင်အမြစ်ဆုံတစ်ခုကို ခေါင်းအုံးလျက်
ပိုးလိုးပက်လက် ခြေကားရား လက်ကားရား အိပ်မောကျနေသည်။ အိပ်ပျော်နေသည့်တိုင် ထိုလူငယ်
၏ မျက်လုံးအိမ်နှစ်ဖက်ဆီမှ မှေးမှိတ်ထားသော မျက်ခွံကို တိုးဖြတ်ကာ မျက်ရည်စီးကြောင်းနှစ်သွ
ယ် တစိမ့်စိမ့်ကျနေသည်ကို ကျွန်တော်တွေ့ဖြစ်အောင် တွေ့မိခဲ့ကြောင်းပါ သူငယ်ချင်းတို့ခင်ဗျား။

ပြီးပါပြီ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ပိတောက်တစ္ဆေ (( ညနေဥာဏ်))

 

နွေဆိုတာ ဥတု သုံးပါးထဲ အပူပြင်း အတောက်ပဆုံး ရာသီလေး၊ ဒီအချိန်မှာ ပုရစ်ဖူးတွေကလဲ နေရာတော်တော်များများမှာ ကျိုးတိုး ကျဲတဲပဲ။ သစ်ပင်တွေက လွင်တီးခေါင်ထဲ ကျိုးတိုးကျဲတဲ။ မြေပြင်က ပတ္တမြားရောင်ခေါ်ရမလောက် နီကျင်ကျင်ရယ်။ အရင်တုန်းကတော့ ဒီနေရာမှာ မြန်မာ့ ကျွန်းတောအဖြစ် အထင်ကရ နေရာ။ ဘုံဘေဘားမားသစ် ကုမ္ပဏီက သစ်တွေ ခိုးထုတ်ခဲ့တဲ့နေရာ။ ဗကပတွေ ဌာနချုပ်အခြေစိုက် စိုးမိုးခဲ့တဲ့နေရာ………။ သမိုင်းထဲက ဂန္တဝင်နေရာပေါ့။ တချိန်တုန်းကလေ…………….။ ခုတော့………

နေပူရှိန်က တဖြည်းဖြည်း ပြင်းလာတာ တံလျပ်တွေ ခင်းတဲ့ ပြဒါးရောင် လမ်းပူပူထဲ လျှောက်နေရပြန်ပြီ………။ ရုံးအပြန် လမ်းတလျောက် ဖယ်ရီကားပေါ်ကနေ ငေးရင်း မြင်ရသမျှကို ပူပူလောင်လောင် ချွေးသံရွှဲရွှဲထဲ မိန်းမောလာမိလေရဲ့။ မနီးမဝေးက ကမူပေါ်မှာ ပိတောက်ပင်လေး…..။ အရွက်လေးက စိမ်းစိုစိုရယ်။ ပိတောက်ဖူးလေးတွေနဲ့။ ခုနောက်ပိုင်း ပိတောက်တွေ သင်္ကြန် မတိုင်ခင်ပွင့်တာ တော်တော်လေးကို ရှားသွားပြီ။ ပိတောက်တွေ ပွင့်သင့်နေပြီလို့ စိတ်ထဲ မချိမဆန့် တမ်းတ တွေးနေမိတယ်။သင်္ကြန်မိုးကလဲ ဘယ်နေမှန်း မသိတာ ကြာပေါ့။ ပန်းဆိုတာ ရေဖြန်းမှ လန်းအာနိုင်တာမို့လဲ မိုးမဖြန်းတော့ ဘယ်လန်းနိုင်ပါ့မလဲလို့ တွေးနေမိပြန်တယ်…။

ဒီနယ်မြေမှာ ပိတောက်တွေ ငုတွေ ရှားတယ်။ မရှိသလောက်ပဲ။ ဘာကြောင့်လဲဆို ဒီနယ်က အရင်တုန်းက လူနေထူထပ်တဲ့ နေရာမဟုတ်တဲ့ သစ်တောဟောင်းကြီးရယ်လေ။ ရွာငယ်၊
ဇနပုဒ်တွေပဲ ရှိခဲ့တာကလား။ ပဲခူးရိုးမရဲ့ အလယ်ရိုးမ တကျောမှာရှိတဲ့ ကြိုးဝိုင်းဟောင်းကြီးကို မြို့ပြပုံစံပြုလို့ အဆင့်မီ အဆောက်အအုံကြီးတွေ ဆောက်၊ ကတိုက်ကရိုက် အရွှေ့ပြောင်းတွေကြားမှာ နေသားကမကျတော့ ဂါဝန်တိုတိုကို ပုံမကျ ပန်းမကျ ဝတ်ထားတဲ့ ရွာသူလုံမေကညာရဲ့ ဟန်ပန်လို အချိုးမကျမလှမပပေါ့……..။ ရုံးတွေဘက်ကတော့ သစ်တောပင်တွေသာရှိတယ်၊ သစ်ကြီး ဝါးကြီး တောကောင်ကြီးတွေ မရှိတော့ဘူး။ ခုတ်ရောင်းတာ၊ သတ်ရောင်းတာနဲ့ ပြုန်းကုန်တာ ကြာပေါ့။ ဝါးပင်စုစုလေးတွေ၊ အပင်ပေါက်လေးတွေပဲ ရှိတဲ့ ချုံသာသာတောတွေရယ် လွင်တီးခေါင် နေရာတွေရယ်က ဟိုဟိုဒီဒီငေးတိုင်း တွေ့ရမယ့် ရှုခင်း။ အဲဒီလိုနေရာမျိုးကို ရွှေဥာဏ်တော်စူးရောက်ပြီး ဝန်ထမ်း မြို့တော် တည်လိုက်တာကလား။

တခါတလေ ဖုန်နီနီတွေက လေရှူတိုင်း ထိတွေ့ရတယ်။ ခုလိုနွေမှာ လေပြင်းပူပူတွေက ဟိုနေရာ ဒီနေရာ လေပွေလိုလို လေရူးလိုလိုနဲ့ သိပ်စိတ်ပျက်ဖို့ကောင်းတယ်။ တခါတလေ လေရူးနဲ့အတူ တောမီးတွေကလောင်တတ်သေးတယ် ။ မြို့ပြအရသာကို တစက်ကလေးမှ မခံစားရတဲ့ ရွှေမြို့တော် အမည်တပ်နေရာဆို မှန်တယ်။ပိတောက် မမြင်ရတဲ့ အဝါရောင်တွေမရှိတဲ့ ခံစားချက် အပြင်ဘက်က ဒီနေရာမှာ ဘဝအခြေအနေအရ ရုန်းကန်နေမိတာ ခုဆိုသုံးနှစ်ထဲဝင်နေပြီ။ သွေးသားရင်းခြာတွေနဲ့ အဝေးမှာ အသပြာ ခပ်ချာချာ အလုပ်ကို လက်လှမ်းလို့ မီလာတာနဲ့ ခပ်အေးအေးလေး လုပ်ကိုင်နေမိတယ်။ ဝေးတမြေမှာဆိုလို့ တိုင်းတပါးလို့ မထင်လိုက်ပါနဲ့။ မှားမယ်။ Thanlwin Ain Matရွှေမြို့တော်သစ်ဖြစ်တဲ့ ပြည်တွင်း တနေရာကို ရည်ရွယ်ချက်တွေ တပုံတပင်နဲ့ ဘဝကို စတင်ဖို့ ပြင်ဆင်လာခဲ့တာ ခုတော့ ကန္တရအလယ် အိုအေစစ် မတွေ့သူလို ရေရာတဲ့ ကဏ္ဍလဲ မရှိ၊ အဝင်ရှိပြီး အထွက်မရှိတဲ့ တံခါးပေါက်ဘေးမှာ ငုတ်တုတ်ထိုင်နေခဲ့ရတာ တော်တော် တရားကျနေမိတယ်။ ဘဝမှာ ဖြစ်ချင်တာတွေအတွက် အင်အားတွေ ထုတ်ခဲ့ အိပ်မက်တွေ တောက်ပနေတဲ့ အချိန်မှာ ဘဝကို ခါးဆစ် အလည်က ရိုက်ချိုး ခံလိုက်ရသလိုချည့်နဲ့ သွားခဲ့ရတာ ဒီပိတောက် မရှိတဲ့ လမ်းကို စလှမ်း ကတည်းကပါပဲ။ ရေသောက်တိုင်း ပိုငတ်တတ်တဲ့ ဘဝတော့ မဟုတ်ဘူး။ ရေကြည်တပေါက်ကို တမ်းတ ရှာဖွေနေမိတာကိုက မဟာအမှား၊ နေရာမှားပြီး လာရှာနေတာကိုးလို့ အပြစ်တင်ရင်လဲ ကိုယ့်အခြေနေအရ ရေနစ်တုန်း ကောက်ရိုး တစ်မျှင်အနေအထားနဲ့ ဒီနယ်မြေကို ရောက်လာတာ။

တခြား အခွင့်အလမ်း ဖမ်းဆုပ်လို့လဲမရဘူး။ လမ်းတွေ့နေတာက ဒီကန္တာရလမ်းလေးကို စိုပြေလာအောင် စွမ်းဆောင်မယ်ဟဲ့လို့တော့ ကြွေးကြော်ခဲ့တာတွေ၊ တောက်ပမယ့် သစ္စာတရားကို ရိုးသားစွာစောင့်သိမယ်ဟဲ့လို့လဲ ရည်ရွယ်ခဲ့တာတွေ၊ တထောင့်တနေရာကနေ သွေးချင်းတွေအတွက် ပေးဆပ်မယ်ဆိုတာတွေ အားလုံးအားလုံး ပျောက်ချင်းမလှ ပျောက်သွားခဲ့တာ ဒီပိတောက်ရှားတဲ့ရပ်ဝန်းထဲ ခြေချမိတယ်ဆိုရင်ပဲ…………။

ကာရံကော ရစ်သန်ကော ဟန်ချက်ပျက်ပြီး အသုံးမဝင်တဲ့ ကားအိုတစ်စီးလိုလို၊ တောဓလေ့ အသုံးနဲ့ပြောရရင် သားသတ်ရုံပို့ဖို့သာ အသုံးဝင်တော့တဲ့ နွားအိုလိုလို ကိုယ့်ဘဝကို လက်ညှိုးထိုးတတ်တဲ့ အသိုင်းအဝိုင်း၊ အမှန်တရားရဲ့ဆန့်ကျင်ဘက်နောက် ကမောက်ကမမာယာတွေနဲ့ မဆုံးသောလမ်းကို တွဲလျှောက်မလား၊ ရိုကျိုးသေဝပ်စွာ မာနခဝါချ၊ အငှားလူမိုက် လုပ်မလား၊ တဇွတ်ထိုးတယူသန်နဲ့ သေသပ်တဲ့အမိန့်တွေနောက် ကလန်ကဆန်လုပ်မလား ဒါတွေတွေးရင်း ချာချာလည်နေတုန်း ခုတော့တစ်နှစ်ဟောင်းလို့ တန်ခူးကာလ ပိတောက် အတာအခါသမယကို တဖန်ရောက်လာပြန်ပြီဆိုတော့ ပိတ်ရက်ရှည်ထဲ အမေ့အိမ်ကို တခေါက်ပြန်ရတော့မှာပါလားဆိုပြီး လေးတွဲ့တွဲ့ သက်ပြင်းပူကို မှုတ်ထုတ်မိတယ်။

ပြန်မယ်လို့သာတွေးနေရတယ် ပြန်ဖို့အတွက် လုပ်ရကိုင်ရမှာတွေက တသီတတန်းကြီးကို ပြန်စဉ်းစားလိုက်တိုင်း မောတယ် ဒေါသဖြစ်တယ်။ အဖြစ်က ဆိုးပုံပြောပြမယ်။ သင်္ကြန်ပိတ်ရက်ရှည်ထဲပြန်ဖို့က ဒီအရပ်က စိတ်သိပ်ပျက်ဖို့ကောင်းတယ်။ ပြန်မယ့်သူနဲ့ ရထားထွက်တဲ့ အစင်းအရေအတွက် အခေါက်ရေက မလောက်မငှ စတိုင်လ်နဲ့၊ ကားကလဲ ဈေးကြီးပေးဝယ်မယ်ဆိုရင်တောင် သင်္ကြန်ပိတ်ရက်မတိုင်ခင် နှစ်လလောက်ဆိုကုန်ပြီ။ အသိတွေ အဆက်အသွယ်တွေနဲ့ ဝယ်မှ အိုကေတဲ့ပုံနဲ့ ပရမ်းပတာအဖြစ်တွေကို ဂုဏ်တင်ပြောနေကြတာကလဲ နားထဲမဆန့်အောင်ကြားရတတ်တဲ့ အခါကြီးရက်ကြီးအချိန်……..။ ပြည်တွင်းမှာရှိတဲ့ တစ်မြို့နဲ့တစ်မြို့ ဆက်သွယ်ရေး ဆိုးတဲ့အထဲ မြို့တော်သစ်ကြီးဖြစ်တဲ့ ဒီနေရာက အတော်စိတ်ပျက်ဖို့ ကောင်းတယ်။ ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတဲ့အတွက် အိမ်ပြန်ဖို့ ပိတ်ရက်ရှည်အတွက် ရထား၊ ကားလက်မှတ်က အတော်လေးခက်တယ်။

“ ဒို့ကတော့ ဟိုမာစတာရဲ့ အကူအညီနဲ့ အိုကေတယ်။ ရှူး တိုးတိုးနော်။ အသိမို့လို့ ဒီလို လက်မှတ်ရအောင် လုပ်ပေးတာ နောက်ဆို ပြန်ဖို့ မလွယ်ဘူး” ဘာညာ ဘာညာပေါ့။ အဲလိုလေး။ အသက်ရှူချောင်ပြီး အိုကေတဲ့ ရထားကတော့ မစဉ်းစားနဲ့ အပ်ပါးဆိုတာဝေး၊ ရိုးရိုးခုံတောင်မရလို့ ခုံမဲ့နဲ့ ခြေကျင် မပြန်ရရုံတမယ် တိုးပိတ် ကြပ်သိပ်နေတာကို အတင်း တိုးဝှေ့စီးပြီး အတင်းအဖျင်းတွေ နားမဆန့်အောင် ကြားရမယ်………. လက်မှတ်က အလုအယက်ကြားထဲ ဝယ်ရတာမို့ ကိုယ်ကျတဲ့ရထားက မိုးမလင်းခင် ထွက်မယ်ဆိုလာထား မနက်လေးနာရီ လောက်ထပြီး နေထိုင်ရာအဆောင်ကနေ ပျဉ်းမနားမြို့ထဲမှာရှိတဲ့ ဘူတာရုံဆီကို သွားဖို့ လုံးပန်းရမယ်……..ရထားလက်မှတ်ခက ၅၀၀ နဲ့ ၁၀၀၀ကျပ် ကြားပဲကျတဲ့ ရထားကို ကိုယ်နေတဲ့ အဆောင်ကနေ တုတ်တုတ် လို့ခေါ်တဲ့ သုံးဘီးဆိုင်ကယ်ကို တစ်ထောင်ပေးစီးမလား၊ ဆိုင်ကယ်တက်စီကိုပဲ သုံးထောင် ပေးစီးမလား ကတိုက်ကရိုက် ပြေးပေတော့ပဲ။ ဒီကြားထဲ
ဘယ်ခရီးသည်တော့ ဆိုင်ကယ်သမားက ရိုက်နှက်လုယက် သွားပြန်ပြီစတဲ့ သတင်းဆိုးတွေကလဲ ကြားနေရပြန်တော့ ကွန်မန်ဒိုလို စိတ်ထားပြီး တက္ကစီသမား နောက်လိုက်ရတဲ့ ဒုက္ခကလည်း မသေး၊ ထမ်းပိုးထက် လက်ခကကြီးတဲ့ အိမ်တော်ပြန်ခရီးကို ရင်လေးစွာ တွေးနေမိတယ်။

အိမ်တော်ကလူတိုင်း ပြန်ချင်ကြပေမယ့် နှစ်ဆန်းတစ်ရက်နေ့မှာ ရုံးအရောက် ပြန်ရမယ့် ဒုက္ခကလည်း အတော်ကြီးသေးတယ်။ ကားလက်မှတ်က ကိုယ့်အရည်အချင်းနဲ့ ဝေလာဝေး။ ရထားလက်မှတ်ကလည်း ရထားရုံးချုပ်မှာ M.O နဲ့တကွ သွားတိုးရဦးမယ့်ဒုက္ခ၊ နောက်ညရထားမရှိပဲ နေ့ထွက်တဲ့ရထားကို မနက်အစောဆုံး ရထားနဲ့ကျလို့ကတော့ ကိုယ်နေတဲ့နေရာနဲ့ ဘူတာရုံက ညအိပ်စောင့်ရမယ့်အဖြစ်။ ရထားခထက် အိမ်ကနေဘူတာရုံကို လာမယ့်ကားခက ပိုမြောက်နေသေးတယ်။ နောက် မိန်းမသားဖြစ်တဲ့ ကျွန်မကို ရန်ကုန်မြို့စွန်မှာရှိတဲ့ အိမ်က ခြောက်ဆယ်ကျော် အဖေက ဘူတာကြီးကို မနက် အစောဆုံးထွက်မယ့် ရထားအမီ လိုက်ပို့ရတယ်လေ။ သူ့ခမျာ အိပ်ရေးပျက်၊ ပင်ပန်းတယ်။ ပြန်တွေးလိုက်တော့ အိမ်ကို မပြန်ဖြစ်တော့ပဲ ကျွန်မနေတဲ့အဆောင်နားက မိုးကုတ် တရားရိပ်သာမှာ ဆယ်ရက်တရားစခန်းဝင်ပြီး တစ်နှစ်လုံးလုပ်ခဲ့တဲ့ အကုသိုလ် အညစ်အကြေးတွေကို မစင်ကြယ်ရင်တောင် ဗုဒ္ဓတရားရိပ် ခိုလှုံခွင့်ရချိန်လေးမှာ ပွားများအားထုတ်မယ်လို့ ရည်သန်ပြီး ယောဂီစာရင်း ပေးလိုက်ပါတော့တယ်။ အိမ်ကလဲ ရုံးပိတ်ရက်ရှည်မှာ မပြန်ပဲ နေပြည်တော်မှာ တရားစခန်းဝင်မယ့်အကြောင်း ပြောတော့ သာဓုသုံးကြိမ်ခေါ်ပြီး ခွင့်ပြုခဲ့တယ်။

ဒီလိုနဲ့ သင်္ကြန်ရက်ရှည်ကြီးဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတော့တာပေါ့။ ပြန်ဖို့အတွက် ကရိကထတွေများသူနဲ့၊ ဗျာပါဒများသူနဲ့ စည်စည်ညံနေတဲ့အချိန်မှာ ကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ် တရားရိပ်သာကို အထုပ်လေးဆွဲပြီးဝင်ခဲ့တော့တယ်။ တရားရိပ်သာကို ဝင်တယ်ဆိုရင်ပဲ အေးမြတဲ့အရိပ်အာဝါသကိုခံစားလိုက်ရတယ်။ ဒါပေမယ့် ရိပ်သာထုံးစံအတိုင်း စာရင်းပေးထားသူတွေကို နေရာချတာ အတော်ကြာကြာ စောင့်နေရသေးတယ်။Thanlwin Ain Mat ဒါပေမယ့် အိမ်ပြန်ဖို့ ရထားစီးရတာနဲ့စာရင် ဒါက မြတ်သေးတယ်လေ။ ခဏလေးကြာတော့ ကိုယ့်အတွက် သတ်မှတ်နေရာကို ရောက်တော့တယ်။ ပျဉ်ထောင်ဇရပ်လေး အပေါ်ထပ်မှာတဲ့။ ကြည့်လိုက်တော့ အမယ်အိုနှစ်ယောက်က ကိုယ့်ဘေးနားမှာ။ သူတို့က ကလေးမလေးဆိုတဲ့အကြည့်နဲ့ တချက်လှမ်းကြည့်ပြီး နှစ်ယောက်သားစကားတွေ ဖောင်ဖွဲ့နေကြတယ်။ စကားပြောနေလိုက်ကြတာ သူတို့ရဲ့သွားလေသူတွေကို တမ်းတမ်းတတနဲ့ နောက်ပြီး သားသမီးတွေအကြောင်း ပြောနေလိုက်ကြ ရယ်လိုက်ကြ တရားစကားလေး စွက်လိုက်ကြနဲ့ ငယ်ပေါင်းတွေဖြစ်ပုံရတယ်လေ။

ကျွန်မကိုတော့ ငဲ့ပြီး အသိအမှတ်ပြုရုံပေါ့။ အမယ်အိုနှစ်ယောက်က ဖွေးဖွေးလှုပ် ဆံနွယ်တွေကြား ဆေးလိပ်ခိုးငွေ့တွေ တလူလူနဲ့ပေါ့။ စကား ပြောပေါက်တွေကလဲ ဒီနယ်သားမှန်း သိသာတယ်။ ခဏနေကြာတော့ သားနှစ်ယောက်ဖြစ်ဟန်တူတဲ့ အမျိုးသားလူရွယ်နှစ်ယောက်ဟာ အမယ်အိုတွေဆီ ရောက်လာပြီး သူတို့ ပါလာတဲ့ စားဖွယ်ရာတွေကို ပေးပြီး ထိုင်ကန်တော့တယ်။ အမယ်အို နှစ်ယောက်ကလဲ ဆုတွေပေးပြီးတော့ပေါ့။ နောက်တော့ သားတစ်ယောက်က “အလုပ် သွားလိုက်အုံးမယ် အမေ”လို့ နှုတ်ဆက်ပြီး ပြန်သွားလေရဲ့။

ဒီလိုနဲ့ပဲ ကျွန်မဘေးနားက အမယ်အိုနှစ်ယောက်ကလဲ သူတို့ရဲ့ရှေ့ဟောင်းနှောင်းဖြစ်တွေ ပြောရင်း၊ ကျွန်မကိုလဲ အလာပသလာပပြောရင်းနဲ့ ခင်မင်ရင်းနှီး လာခဲ့တော့တယ်။ ငယ်ငယ်လေးနဲ့ ခုလိုတရားစခန်းဝင်ဖြစ်တဲ့ ကျွန်မကို သူတို့က အသိအမှတ်ပြုကြတယ်။ ကျွန်မကို ဘယ်ဌာနကလဲ ဘာလုပ်ရတာလဲ စသဖြင့်မေးမြန်းကြသေးတယ်။ “အိမ်မပြန်ပဲ တရားစခန်းဝင်တာ ကုသိုလ်ရတာပေါ့။ ခုလိုလူငယ်တွေ ဘာသာတရား ကိုင်းရှိုင်းတာကိုလဲ ကြည်နူးမိတယ်”ဆိုပြီး ချီးမွမ်းနေကြလေရဲ့။ ဆယ်ရက်စခန်းပွဲ အစနေ့တွေမှာတော့ ဟောတရားနာလိုက် ရှုမှတ်ပွားလိုက်နဲ့ နေသားတကျပါပဲ။ ဝန်ထမ်းအများဆုံးပါတဲ့ ယောဂီတွေကြားမှာ နယ်ခံရွာခံ အမယ်အိုတွေကတော့ အတော်လေး အနေကျုံ့နေရရှာ တာတွေ့ရသေး။ ဆယ်ရက်ပြည့်တဲ့နေ့မှာတော့ ရေစက်ချတရားနာပြီး စခန်းသိမ်းပွဲလုပ်တော့ ကိုယ်တို့အားလုံးလဲ ကိုယ့်နေရာကိုယ်ပြန်ဖို့ လုံးပန်းရတော့တာပေါ့.။ နှစ်ဆန်းတစ်ရက်နေ့ဆိုတော့ နောက်နေ့ ရုံးတက်ရမှာမို့ နေ့လည်ဆွမ်းစားပြီးတဲ့အချိန် ဆရာတော် ဘုရားကို ခွင့်ပန်ကန်တော့ပြီး ပြန်ဖို့လုပ်ရတော့တာပေါ့။

ပစ္စည်းတွေသိမ်းနေရင်း ဘေးနားက အမယ်အိုနှစ်ယောက်က ဆေးပြင်းလိပ်လေး ဖွာရှိုက်ရင်းက “အင်း….ပြန်ကြတော့မှာပေါ့လေ….ဒို့များတော့ အသက်ရှင်သခိုက်လေး အားထုတ်လိုက်အုံးမလို့ နေရစ်ခဲ့မယ်ဟေ့……”လို့ ပြောနေတယ်။ နောက် ကျွန်မကို ကြည့်ရင်း “ကလေးက ဘယ်ရုံးကလဲ” လို့မေးတော့ ကျွန်မက ကိုယ့်ဝန်ကြီးဌာန နာမည်ကို ပြန်ဖြေရတယ်။

နောက်တော့ ခေါင်းတညိတ်ညိတ်နဲ့ “အင်း….ကလေးတို့ရုံးတွေ မဆောက်ခင်၊ မရောက်ခင်တုန်းကတော့ ဒို့များရွာက သိပ်သာယာ သပေါ့၊ ဒို့ဝိုင်းကလဲအကျယ်ကြီး ကိုင်းတွေကလဲများတယ်၊ အိမ်ကအဘိုးကြီးက သူကြီးလေ ဘုရားဒကာကျောင်းဒကာပေါ့၊ အရင်တုန်းက ဒီတောရကျောင်းလေးကို ငါတို့တွေပဲ ပစ္စည်းလေးပါး ထောက်ပံ့ခဲ့ရတာ၊ ကုသိုလ်တွေ မနည်းခဲ့ဘူး၊ ခုတော့ အဲဒီကိုင်းတွေအကုန်လုံး ကလေးတို့နေဖို့ အဆောင်တွေ၊ ရုံးတွေဆောက်ဖို့သိမ်းလိုက်ပြီ၊ ကိုင်းတွေကုန်ပြီ၊ အိမ်ဝိုင်းလဲပေ ၄၀-၆၀ အဝိုင်းတွေချပေးတဲ့ နေရာမှာ အိမ်ဆောက်နေရတယ်၊ ချွေးနဲစာနဲ့ လက်ကျန် အတွင်းပစ္စည်းလေးတွေကို ထုခွဲရောင်းချပြီး ဆောက်ရတာကလား၊ အိမ်က သေးသေးရယ်ပဲ၊ ဘာဆက်လုပ်ရမှန်းလဲမသိပါဘူး…….” ဆိုတော့ ကျွန်မ အတော်ခံစားသွားရတယ်။

မနေနိုင်တဲ့အဆုံး ကျွန်မက “ဒါဆို အဘွားတို့ လျော်ကြေးရမှာပေါ့ ဘယ်လောက်ပေးလဲ” ဆိုတော့ “တစ်ဧက နှစ်သိန်းတဲ့ ၊ ဒို့များမြေကအများကြီးလေ ဆယ်ဧကကျော်တယ်။ နောက်ထပ် သိမ်းတဲ့အထဲမှာပါသွားတာလေ၊ ခုလုပ်နေတဲ့ တည်းခိုရိပ်သာတွေနားကပေါ့၊ လျော်ကြေးကလဲ ပေးမယ်ပေးမယ်နဲ့ ခုထိတော့မရသေးဘူး၊ စိုက်စားဖို့မြေလဲမကျန်တော့ဘူး”လို့ ရီဝေဝေမျက်လုံးတွေနဲ့ ငေးပြောပြောတယ်။

ကျွန်မက “သူများတွေကော လျော်ကြေးအပြည့်ရကြလား၊ အဘွားက ဆိုင်ရာကိုသွားပြောပေါ့၊ တစ်ဧကနှစ်သိန်းက နည်းနည်းလေးရယ်၊ ဒါကိုတောင် ချက်ချင်းမပေးတာ၊ သားသမီးတွေက ခုဘာတွေလုပ်စားကြလဲ”လို့ မေးတော့ အဘွားအိုက “အို ကလေးရယ် အများပဲဟာ ဒို့တဦးတည်း မရတာမှမဟုတ်တာ အားလုံးခံကြရတာပဲ ဝဋ်ကြွေးလို့ပဲ သဘောထားတယ်။ ဘယ်ကိုသွားပြောရမှာလဲကွယ်။ သားသမီးတွေအရင်က ကိုင်းစိုက်ယာစိုက်ပေါ့၊ ခုတော့ သားတွေက “ဘာဆက်လုပ်ရမှန်းလဲ မသိတော့ဘူးအမေရယ် ဈေးပဲရောင်းတတ်တာ”ဆိုပြီး ဟင်းရွက်စိမ်းလေးတွေရောင်းတယ် ပန်းရံတွေလဲလိုက်လုပ်တယ် ခုတော့ဆိုက်တွေ တော်တော် နည်းသွားပြီ လမ်းပြင်တာလောက်ကလဲ လူလိုမှ အလုအယက်လိုက်လုပ်ရတာ။ လူပြည့်ပြီဆို အလုပ်ကမရတော့ဘူး၊ သမီးတွေက ပန်းရံလုပ် ကုန်စိမ်းရောင်း၊ သားတွေက ဆိုင်ကယ်တက်စီဆွဲဖို့လဲ ပိုက်ဆံကမရှိ ဆိုတော့ ကျပန်းတွေလုပ် စည်ပင်သာယာမှာ နေ့စားဆိုလားလုပ်တယ်၊ နေ့စားအလုပ်က တခါတလေမှ လုပ်ရတာ၊ ဒီကြားထဲ ကုန်စိမ်းရောင်းတယ်၊ ဈေးရောင်းတာကလဲ မလွယ်ဘူး၊ ဆိုင်ခန်းမရှိတော့ သတ်မှတ်တဲ့ ဈေးကောက်ပေးမှ ရောင်းရတာ၊ ဈေးကောက်နဲ့ မလွယ်ဘူး။ ဝန်ထမ်းအိမ်ရာတွေထဲလဲ လှည့်ရောင်းတာ မိရင်ဖမ်းတယ်တဲ့။ အိမ်း…. ဒို့လဲ ဘာတွေ လုပ်ကိုင်စားသောက်ပြီး အသက်ဆက်ရအုံးမလဲ မသိဘူးအေ၊ သေခါနီးနေတဲ့ ငါတို့ကအရေးမကြီးပေမယ့် သားသမီးတွေက ခုမှဘဝ စကြတုန်း သူတို့ရှေ့ရေး ရင်လေးတယ်အေ” လို့ပြောလေရဲ့။

စိတ်ကူးတည့်ရာ အသစ်တစ်ခုရဖို့ စတေးပေးရတဲ့သူတွေရဲ့ လည်ချောင်းသွေးတွေကို အာမခံချက် မပေးနိုင်တဲ့ အဖြစ်အတွက် နားရည်ဝနေတဲ့ သံစဉ်ခပ်ပဲ့ပဲ့တစ်ခုကို ပြန်ကြားနေရသလို မချိတင်ကဲ ဖြစ်နေရတယ်။ ကျွန်မလဲစိတ်မကောင်းဘူး၊ အခြေအနေတွေကို နားလည်ပေးထားရတာကိုပေါ့။ အဘွားအိုပြောတဲ့ ဝဋ်ကြွေးနဲ့ ပတ်သက်တာကိုလဲ ဆန်းစစ်နေမိပြန်တယ်။

အတွေးတစ်ခုရတာနဲ့ ကျွန်မက “အဘွားတို့ တခြားရပ်ရွာမှာ အမျိုးဆွေမရှိဘူးလားဟင်” လို့မေးတော့ “ဘယ်……မရှိဘူးအေ့ ကျုပ်တို့က ဒီမှာမွေး ဒီမှာကြီးတရွာလုံးက အမျိုးချည့်နေတာ ခုတော့တမျိုးလုံး ဒုက္ခရောက်တာ ဆိုတော့ ဘယ်သူ့ကယ်ခိုင်းရမလဲ” ဆိုပြီး ငေးရီရီမျက်လုံးတွေက မျက်ရည်လဲ့နေတာကို ကျွန်မတွေ့လိုက်ရတော့ တော်တော် စိတ်ထဲထိခိုက်လာရတယ်။

ဆေးလိပ်ကို တစ်ချက် ဖွာရှိုက်လိုက်ရင်းက အဘွားအိုက “ဒီလိုအချိန်ဆို အရင်တုန်းက တရွာလုံး ရှင်ပြုမင်္ဂလာနဲ့ ခြိမ့်ခြိမ့်သဲပေါ့အေ……ခုတော့ စားဖို့တောင် မနည်း ရှာကြံနေရတာ ဆိုတော့ မလုပ်နိုင်ကြတော့ဘူးလေ ငါတို့လိုလူအိုတွေအတွက် သူတို့တွေ မနည်းရှာဖွေပေးနေရတာ၊ ကလေးတွေက သိတတ်လို့ နောက်မဟုတ်ရင် ခွက်ဆွဲရမယ်……အိမ်း ကလေးတွေလဲ ကျန်းမာချမ်းသာကြပါစေလို့ အမြဲဆုတောင်းပေးနေမိတယ် ခုတရားစခန်းဝင်တော့လဲ ဆရာတော်ဘုရားက ဝန်ထမ်းတွေကို ဦးစားပေးရတော့တာပေါ့။ သူ့ကို ပစ္စည်းလေးပါးလှူတဲ့ ဒကာတွေ ဒကာမတွေကိုတော့ ကျေးဇူးပြုရတော့ ငါတို့မလဲ ဘေးရောက်နေရပြီ ခုလိုအချိန်တရား အားထုတ်စရာက ဒီကျောင်းလေးရှိတာကိုး ငါတို့ကတော့ ကျောတခင်းစာ အတော်ရှာရတာနော့ တရားအားထုတ်ချင်လို့သာ လာခဲ့ရရှာတာ ခုဆိုအိမ်မှာ ငါ့မြစ်ပေါက်စလေးတွေဆို အထိန်းအကွပ်မရှိနဲ့ ကျောင်းလဲ မထားနိုင်ဘူးလေ စားဖို့ကို တစ်အိမ်လုံးထွက်ရှာနေရသကိုး ငါမရှိတော့ အဲမြစ်ကလေးတွေလဲ ထိန်းတဲ့သူ မရှိဖြစ်နေတော့တာ မတတ်နိုင်ဘူးလေ၊ ရသခိုက်လေး ကိုယ့်အတွက် လုပ်ရဦးမှာမို့ မျက်စိမှိတ်လာခဲ့တာ…..” လို့ ဆက်ပြောနေတယ်။

ကျွန်မလဲ အားပေးနှစ်သိမ့်ပေးစရာ စကားစရှာနေမိပေမယ့် လည်ချောင်းတောင် ခြောက်နေတဲ့ အဖြစ်နဲ့မို့ အပြန်ခရီးအတွက် အသက်ကြီးသူတွေအားလုံးကို ဦးချကန်တော့ပြီး ပြန်လာရတော့တယ်။ လမ်းမှာလဲ ပိတောက်ပင်တွေမရှာမိတော့ဘူး။ နေကလဲ ပိုပူပြင်းနေသလိုပဲ..။ လက်ပြကျန်ရစ်ခဲ့တဲ့ အဘွားအိုမျက်နှာကိုပြေးမြင်နေမိတယ်………..။ နေတော်တော် ပူနေတယ်….။

အဆောင်ပြန်ရောက်တော့  ဝမ်းစာအတွက် မြို့မဈေးအပြေးသွားမိတယ်။ ကားပေါ်မှာ အမယ်အိုတစ်ယောက် ခြင်းတောင်းစုတ်လေး တစ်လုံးနဲ့ရယ်။ လက်ထဲမှာ တစ်ထောင်တန်လေး တစ်ရွက်နဲ့။ ဈေးတောင်းလေးအသာချပြီး ကားကြမ်းခင်းမှာထိုင်ပြီးမှိန်းနေတယ်။ ကြည့်ရတာဒီလိုကားတွေနဲ့ ခရီးမသွားဘူးတဲ့ပုံနဲ့  အန်ထားပုံရတယ်။ သူလဲ ဟိုအဘွားအိုတို့လို ဘဝတူတွေလား။ သားသမီးမရှိတော့ ရုန်းကန်နေရပုံရတယ်။

ဈေးရောက်တော့ ဟင်းရွက်သည်က အတော်လေးနည်းနေပြီ။ မိုးချုပ်စပြုနေပြီ။ လမ်းဘေးပလက်ဖောင်းမှာ ဟိုယောင်ဒီယောင်လုပ်နေတဲ့ ခပ်ငယ်ငယ်မိန်းကလေးသုံးယောက်လောက်က ကျင့်သားမရသေးတဲ့ ဟန်ပန် တစ်ခုကို မျက်နှာပြင်မှာ နေရာပေးထားတယ်။ ပါးမှာလဲ တတ်သလောက် မှတ်သလောက် ခြယ်သထားဟန်နဲ့ ဟန်ပန်မကျဖြစ်နေတယ်။ သူမတို့ မျက်ဝန်းတွေက တစုံတရာကို ဝမ်းစာအတွက်ရှာနေဟန်နဲ့ ဘဝတစ်ခုအပေါ် သစ္စာရှိစွာ ရုန်းကန်ဖို့ အသင့်အနေအထားတွေနဲ့။

Thanlwin Ain Mat ဆိုင်ကယ် တက်စီသမားတွေကလဲ မျက်ဝန်းချင်း ဆုံလိုက်တာနဲ့ ဘယ်သွားမလို့လဲဆိုပြီး အလုအယက် ဈေးခေါ်ကြတယ်။ ဝမ်းစာအတွက်ကိုး။ အားလုံးကို ခြုံကြည့်တော့ ကျွန်မ ဒီနယ်မြေမှာ နေထိုင် လုပ်ကိုင်နေရတာကို မသတီဖြစ်လာတယ်။ မျက်ရည်ပေါက်ကြီးငယ် ကျထားတဲ့ နေရာအလုပ်အကိုင် အသိုက်အမြုံတွေ ပျက်စီးပြီးမှ ဖြစ်လာတဲ့ အဆောက်အဦးတွေကို ကြည့်ရင်း ရင်မှာ နာကျင်နေမိတယ်။ သူတို့သဘာဝ သူတို့ အိုးအိမ်လေးတွေ ပျောက်၊ ကံအကြောင်းမလှတဲ့ အခြေအမြစ်မရှိတဲ့ သူတွေအဖြစ် ဘဝပြောင်းပြီး မြို့တော်အင်္ဂါရပ်နဲ့ မညီညွတ်တဲ့ မလိုလားအပ်တဲ့ အာမခံချက်မရှိတဲ့ ဘဝတွေကို မျက်နှာလွှဲခဲပစ် လုပ်ပြီး ကိုယ့်ဝမ်းစာအတွက် ရှာကြံနေကြတဲ့ အသိုင်းအဝိုင်းကိုလဲ တော်တော်လေး စက်ဆုပ်မိနေတယ်။

ပိတောက်တွေလဲ မမြင်တဲ့ ဒီသင်္ကြန်ကတော့ ပြီးသွားခဲ့ပေမယ့် ကျွန်မကတော့ သင်္ကြန်ချိန်ခါရောက်တိုင်း အဲဒီနှစ်တုန်းက တရားစခန်းမှာ ဆုံခဲ့ကြားခဲ့ခံစားခဲ့ရတဲ့ အရာအားလုံးဟာတော့ ရင်ထဲစွဲကျန် နေရစ်တော့တယ်လေ။ သင်္ကြန်နဲ့ ပိတောက် ခွဲမရသလို၊ ပိတောက်မြင်တိုင်း ကျွန်မ ရင်ထဲ နှလုံးသားထဲမှာ ကာရံမလှတဲ့ ဘဝများစွာအတွက် အိပ်မက်ဆိုးလို တစ္ဆေခြောက်ခံနေရတာ ခုချိန်ထိပါပဲ။

ရပ်ဝေးမြေခြားမဟုတ်တဲ့ ကိုယ့်အမိမြေရဲ့ အထင်ကရနေရာ အသစ်တစ်ခုမှာ ဖြစ်ပျက်ကြုံတွေ့ကြရတဲ့ အမှန်တရားတွေဟာ မင်ရည်ဖြူဖြူနဲ့ ရေးထားတဲ့ စက္ကူဖြူစာတမ်း တော့မဟုတ်ဘူး။ ပုံပြင်လို့လဲ ပြောမထွက်ပါဘူးနော်။ စက္ကန့်မလပ်မရိုးနိုင်တဲ့ မျက်ရည်စတွေကို ခြေနဲ့ နင်းကန်လိုက်ပုံတွေကလဲ သိုသိုသိပ်သိပ်ပါပဲ……….။ “အများပဲလေ……။ အများပဲ……။ တစ်ယောက်ထဲ မဟုတ်ဘူးလေ……။ ဝဋ်ပေါ့……” ဆိုတဲ့ အသံက ပဲ့တင်ထပ်နေတယ်။ ဒုက္ခဆိုတာ ပေါ်ပေါ်ထင်ထင် တွေ့ရမှ လူသိတတ်ကြပေမယ့် ဒီလို လူမသိသူမသိတဲ့ ဘဝဆိုးတွေနဲ့ ဒုက္ခသည်တွေကို ဘယ်လို ကိုယ်ချင်းစာစိတ်နဲ့ ကူညီနိုင်ကြမလဲ ဆိုတာ ကျွန်မ ဝေခွဲမရပါဘူး။ အများပဲလေ ဆိုတဲ့ အမယ်အိုရဲ့ စကားကလဲ နားထဲ ပဲ့တင်ထပ်နေဆဲပါ……………။

ငွေအတွက် ဘဝပျက်နေရသူတွေ၊ ဘဝမပျက်သင့်ပဲ ပျက်နေရသူတွေ၊ ပညာတတ်ပေမယ့် အလုပ်လက်မဲ့ ဖြစ်နေရသူတွေ၊ အလုပ်ရှိပေမယ့် စားမလောက်၊ သောက်မလောက်ဘဝနဲ့ အကြွေး ပတ်လည်ဝိုင်းနေသူတွေ၊ ဘဝတွေအတွက် ကိုယ့်ဘဝကို ရောင်းစားခံထားကြရသူတွေ၊ အမြတ်ထုတ်ခံနေရသူတွေ၊ အာမခံချက်မရှိတဲ့ ပြည့်စုံခြင်းတွေကြား လုံးပါးပါးနေကြရသူတွေ… …….။

မျက်ကန်းတစ္ဆေ မကြောက်တော့သလို အဖြစ်ဆိုးကို သဘောတွေ့နေရသူတွေ၊ မချစ်သော်လည်း အောင့်ကာနမ်းနေရသူတွေ၊ နားလှည့်ပါးရိုက် ခံနေရသူတွေ၊ သကာလောင်းထားတဲ့ ပုံရိပ်ယောင်အပေါ် အတ္တတွေနဲ့ ခယနေကြသူတွေ…………သေချာတွေးလိုက်တော့  အားလုံး ဒုက္ခသည်တွေ ပါလားလို့လေ။ ကိုယ့်ကိုကိုယ်ရော မိတ်ဆွေတို့ ဘယ်လို သတ်မှတ်ပါသလဲ…..။ အာမခံချက်ရှိတဲ့ နိုင်ငံသားတွေ အဖြစ်လား။ ဒီလို သင်္ကြန်ခါထဲ ရောက်ပြီဆိုရင်ဖြင့် ၂၀၀၈ခုနှစ် သင်္ကြန်ပိတ်ရက်ရှည်က ကျွန်မ ကြားခဲ့ခံစားခဲ့ရတာတွေကို တစ္ဆေခြောက်သလို ပြန်ပြောင်းခံစားနေရပါပြီ……..။ မိတ်ဆွေတို့အားလုံးလဲ ဒီလို ဒုက္ခသည်တွေအတွက် နည်းလမ်းလေးများရှိရင် ဝေမျှပေးကြပါလို့………။

ပြီးပါပြီ။

(မှတ်ချက်။ ၂၀၀၈ခုနှစ် သင်္ကြန်တွင်း နေပြည်တော်တွင် ကြုံတွေ့ခဲ့ရသော ကိုယ်တွေ့ခံစားချက် တစ်ခုအား မျှဝေခြင်းဖြစ်ပါသည်။)

သံလွင်အိပ်မက်အင်တာနက်မဂ္ဂဇင်း အတွဲ သုံး အမှတ် နှစ် ဝတ္ထုတိုကဏ္ဍမှ ကူးယူဖော်ပြသည်

 
 
ရိုးချောင်းဘေးကကြာ ((( နှင်းပန်းအိမ် )))

 

“မျိုးမျိုးကို အလုပ်မှာ ပိုက်ဆံလိုက်ယူ ခိုင်းလိုက်”
အဖေက ညကသောက်လာတာများ တဲ့အတွက် အမေ့ကိုဈေးဖိုးမပေးနိုင်ဘူး။ အရက်ခိုးတွေဝေနေတဲ့အဖေ့ကို အမေက လှမ်းအော်လိုက်တယ်။
မနေ့က လုပ်ခကိုပြောနေတာ။ ဒီ နေ့လိုက်ယူလိုက်တော့ မနက်ဖြန်ဘယ်လို စားမလဲ။
အမေ့အော်သံကြောင့် မျိုးမျိုးတို့အိမ် ရှေ့က အမြီးနှစ်ခွနဲ့ ငှက်တော်လေးနှစ် ကောင် ကုက္ကိုပင်ပေါ်ကနေ လန့်ပျံသွား တယ်။ အဖေနဲ့ အမေက မိုးလင်းတာနဲ့ ဒီလို ပဲ အပြန်အလှန်အော်နေကျလေ။ မျိုးမျိုးတို့
ကတော့ ပါးသွားပြီ။ အဖေနဲ့အမေ့ကြားထဲ ဘယ်တော့မှဝင်မပါဘူး။ အိမ်ရှေ့ရေမြောင်း လေးကနေ မျက်နှာသစ်ရင်းနဲ့ လှမ်းကြည့်နေ လိုက်တယ်။
အမေက “မျိုးမျိုးလာစမ်း” ဆိုတာနဲ့ အသင့်ဖြစ်နေဖို့ပါ။ တော်ကြာ အမေက အဖေ့ကို မကျေနပ်တာတွေ စုပုံပြီး မျိုးမျိုး ခေါင်းကို လက်နဲ့ တအားခေါက်လိုက်တာ များ မြင်တဲ့သူတွေက အိုးဝယ်ခါနီး အိုးစမ်းတဲ့ အတိုင်းပဲတဲ့။ အိုးတော့မသိဘူး။ မျိုးမျိုး ခေါင်းတွေမူးပြီး နာလိုက်တာအရမ်းဘဲ။ ထွက်လာတဲ့ မျက်ရည်ကို အမေမမြင်အောင် မျက်စိထဲ အမြန်သွင်းပစ်ရတယ်။ အမေမြင် ရင်ထပ်ခေါက်ဦးမှာ။
အဖေကမျက်နှာပေါ်က ရေတွေကို ပုဆိုးခါးပုံစနဲ့သုတ်ရင်း အလုပ်ကိုထွက်သွား တယ်။ အဖေ ဘာမှမစားသွားရသလို မျိုးမျိုး တို့လည်းမစားရပါဘူး။ အမေ့အရင် အိမ် ထောင်နဲ့ရတဲ့ အစ်ကိုနှစ်ယောက်က အဖေ နဲ့အမေ အော်ဟစ်နေကြတာကို နားထောင် ရင်း သူတို့ဝင်ပြောချင်လို့ ပါးစပ်က တပြင် ပြင် ဖြစ်နေကြတယ်။ အမေက မျက်စောင်း နဲ့လှမ်းကြည့်ရင်း “နင်တို့ ၀င်မပါနဲ့” လို့ အသံတိတ်ပြထားလို့သာ။
အဖေနဲ့ရတဲ့ကလေးက မျိုးမျိုးနဲ့ ညီမ လေးတိုးတိုးပါ။ မျိုးမျိုးက ရှစ်နှစ်၊ ညီမလေးက လေးနှစ်။ ဒီတော့ အမေ ခိုင်းချင်တာမှန်သမျှ မျိုးမျိုးကလုပ်ပေးရတယ်။ တွေ့တဲ့သူတိုင်းက မျိုးမျိုးကို လူကြီးလေးကျနေတာပဲတဲ့။ ခု လည်း အဖေ့နောက်ကို လိုက်ဖို့ မျိုးမျိုးကိုပဲ အမေခိုင်းတယ်။
” မျိုးမျိုး နင့်အဖေနောက်လိုက်သွား။ ရလာတဲ့ပိုက်ဆံနဲ့ ဈေးဝယ်ခဲ့။ ကြားလား”
“ဟုတ်ကဲ့ အမေ”
မျိုးမျိုးကို ပြောပြောဆိုဆို အဖေ့ နောက်ပြေးလိုက်ခဲ့တယ်။ အဖေက ကုန်း ပေါ်ရောက်သွားပြီ။ မျိုးမျိုးကို မစောင့်ဘဲ ခပ် သုတ်သုတ်နဲ့ လျှောက်သွားတယ်။ မျိုးမျိုး တို့က မြို့သစ်မှာနေတာပါ။ မျိုးမျိုးတို့ရတဲ့ မြေက စလယ်မြေတွေရဲ့ ရိုးချောင်းဘေးမှာ နေရာရတယ်။ ရိုးချောင်းက မိုးတွင်းဆို ရေပြည့်နေတယ်။
နွေဆိုလည်း ပဲခူးမြစ်က မြစ်ရေတွေ ချောင်းထဲကို ၀င်လာတယ်။ အဲဒီတော့ ရိုး ချောင်းထဲမှာ ရေမပြတ်ဘူး။
ရိုးထဲက ကြာပွင့်တွေက များမှများ။ ကြာဖူးလေးတွေ၊ ကြာပွင့်လေးတွေက သိပ်လှတာပဲ။ ကြာရိုးတွေချိုးပြီး ညီမလေးနဲ့ မျိုးမျိုး ဆွဲကြိုးလုပ်ပြီး ၀တ်တယ်။ ကြာ ခွက်ထဲက ကြာစေ့လေးတွေကိုလည်း ဗိုက် ဆာရင် သွားခူးစားတယ်။
ရိုးချောင်းရဲ့ပြွန်ပေါက်ထိပ်မှာ ငါးဖမ်း တဲ့သူ၊ ကွန်ပစ်တဲ့သူတွေမှ အများကြီး။ အဲဒီ ကရတဲ့ငါးတွေကို ဈေးကြီးတွေမှာ ရောင်းကြ တယ်။ ငါးတွေက လတ်မှလတ်။ တခါတရံ သေပြီထင်လို့ကိုင်လိုက်မှ ထခုန်တတ်တယ်။ ငါးဘတ်တွေဆိုဝင်းဝါလို့။ ဒါကြောင့် ဓတောသယ်တောသယ်ဓ ဆိုပြီး သိပ်ရောင်းရ
တာပဲ။ အမေနေကောင်းတုန်းက ရောင်း သေးတယ်။
ပြွန်ထိပ်က ငါးဖမ်းနေတဲ့ ဦးတို့က မျိုး မျိုးကပြန်လာရင် ဆေးလိပ်၊ ကွမ်းယာ ၀ယ်ခဲ့ဖို့ မှာနေတယ်။ ပိုတာယူတဲ့။ မျိုးမျိုး ပျော်သွားတယ်။ ပိုတဲ့ပိုက်ဆံနဲ့ အမေ့ အတွက် ဘိန်းမုန့်ဝယ်သွားလို့ရတယ်။
ရိုးချောင်းကိုပတ်ပြီး ကုန်းပေါ်ကို မျိုး မျိုး နေ့တိုင်းဈေးဝယ်ရတယ်။ ဈေးက တော် တော်ဝေးတယ်။ အဖေအလုပ်လုပ်တဲ့နေရာ နဲ့တော့နီးတယ်။ အဖေ့ဆီက ပိုက်ဆံရတာနဲ့ ဈေးဝင်ဝယ်ရုံပဲ။ နေ့စဉ်လျှောက်နေကြ ဆို တော့ ဝေးတယ်လို့မထင်တော့ဘူး။
မျိုးမျိုး အဖေ့ဆီရောက်တော့ အလုပ် ရှင်က အဖေ့ကိုမာန်နေပြီ။
“မင်းတို့က ဘယ်တော့မှ စောစော မလာဘူး။ နားမပါဘူးထင်တယ် ဟုတ်လား။ နေ့တိုင်းပြောနေရတာပဲ။ အရက်ကျတော့ နေ့တိုင်းသောက်တယ်။ အလုပ်ကျတော့ မှန်မှန်မဆင်းချင်ဘူး”အလုပ်ရှင်ကပြောတာကို အဖေက ဘာမှပြန်မပြောဘူး။ အိမ်မှာ အမေ့ကို ပြောတဲ့ မျက်နှာမျိုးလည်း မဟုတ်ဘူး။ အ အကြီးလိုဖြစ်နေပြီ။ အဲဒီလိုမြင်ရတော့ မျိုးမျိုး အဖေ့ကို သနားတယ်။ အဖေက ဒီနေ့ လုပ် အားခထဲက ငွေတထောင်ကြိုယူပြီး မျိုးမျိုး ကိုပေးလိုက်တယ်။ အဖေကကားဘော်ဒီရုံမှာ ဆေးမှုတ်တယ်။ တနေ့ ထောင့်ငါးရာရ တယ်။ ခု အဖေပေးလိုက်တဲ့ပိုက်ဆံနဲ့ ဆန် တပြည်၊ ဆီနှစ်ကျပ်ခွဲသား၊ ငပိ၊ ငရုတ်သီး အကျက်မှုန့်၊ သခွားသီးတလုံး ၀ယ်ခဲ့တယ်။ အိမ်ရောက်တော့ အမေက ပစ္စည်းစုံမစုံ စစ် တယ်။ “ဘယ်ဆိုင်က ၀ယ်လာတာလဲ” လို့ မေးသေးတယ်။
“ထက်ထက်မိုးဦးဆိုင်က ၀ယ်တယ်။ ဆန်က ဆရာမဆိုင်က၀ယ်တယ်။ ငရုတ်သီး နဲ့ ငါးပိက မြောက်ဥက္ကလာအဒေါ်ကြီးဆီက ၀ယ်တယ်”
ထက်ထက်မိုးဦးလို့ မျိုးမျိုးတို့ခေါ်တဲ့ အစ်မကြီးက ဆံပင်ကို အရှေ့က ဆံမြိတ်ချ ထားလို့ခေါ်တာ။ ဆရာမက မူလတန်း ကျောင်းမှာ လုပ်အားပေးဆရာမလုပ်ဖူးလို့ ခေါ်တာ။ မြောက်ဥက္ကလာအဒေါ်ကြီးက မျိုး မျိုးတို့ရပ်ကွက်ကို မြောက်ဥက္ကလာက ပြောင်းလာလို့ခေါ်တာ။ အဲဒီဆိုင်တွေက မျိုးမျိုးတို့ကိုသိတော့ ပိုထည့်ပေးတတ်တယ်။ ဒါကြောင့် အမေက အဲဒီဆိုင်ကလွဲလို့ ဘယ် မှမ၀ယ်ရဘူးတဲ့။
“မျိုးမျိုး ဘိစပ်ရွက်သွားခူး”
မျိုးမျိုး မနားရသေးဘူး။ ခြေထောက် တွေ ညောင်းလှပြီ။ အမေ့ကို မငြင်းရဲတော့ အမေပေးတဲ့ ဆွဲခြင်းကိုယူပြီး ဘိစပ်ရွက်ခူးဖို့ မျိုးမျိုးထွက်ခဲ့တယ်။
လေထဲက ကြာပွင့်ရဲ့ ရနံ့ရတော့ မျိုး မျိုးအမောပြေသွားတယ်။ ကြာဖြူကြာနီ တွေကို တပွင့် နှစ်ပွင့်ရေတွက်ပြီး မျိုးမျိုး ကျွဲ တဲဘက်ကို ထွက်ခဲ့တယ်။ ဘိစပ်ရွက်က ကျွဲတဲဘက်တွေမှာခူးရတာ။ အရွက် စိမ်းစိမ်း လေးမှာ အဖူးက ၀ါဝါလေး။ ဘိစပ်ရွက်က နွေဆိုရင့်တယ်။ မိုးတွင်းဆိုရင်တော့ ဖြာနေ တာဘဲ။
ခုလိုရက်ဆို ဘိစပ်ရွက်ကို အမေ အမြဲ ချက်တယ်။ ပူရှိန်းရှိန်းလေးနဲ့ စားကောင်း တယ်။ ကြက်မအုပ်ရွက်တော့ မျိုးမျိုးမကြိုက် ဘူး။ ကြက်မအုပ်ရွက်က ပိုးအိစံတို့ အိမ် ဘေးမှာခူးရတာ။ မျိုးမျိုး မခူးချင်ပါဘူး။ မျိုးမျိုး ကြက်မအုပ်ရွက်ခူးနေတဲ့ အချိန်ဆို ပိုးအိစံက ကျောင်းသွားဖို့ပြင်နေပြီ။ မျိုးမျိုး ကိုတွေ့ရင် ကျောင်းမသွားဘူးလားလို့ အမြဲ မေးတယ်။ မေးစရာလား၊ မျိုးမျိုးက အဲဒီလိုဆို မသိချင်ယောင်ဆောင်နေလိုက်တယ်။
ခုလည်း ဘိစပ်ရွက်ခူးရင်း ပိုးအိစံကို မျိုးမျိုး လှမ်းမြင်တယ်။ သူ့အမေက သူ့ကို ကျောင်းလိုက်ပို့တာလေ။ သူ့စားစရာခြင်းနဲ့ လွယ်အိတ်ကို သူ့အမေယူခဲ့ရတယ်။ သူက ရှေ့ကနေ ကော့ကော့ကော့ကော့နဲ့ လျှောက်သွားနေတာ။ ကောင်မ အမေကို ၀ိုင်းကူလည်းမလုပ်ဘူး။ မျိုးမျိုး ပိုးအိစံကို မျက်စောင်းလှမ်းထိုးလိုက်တယ်။ မျိုးမျိုးသာ ကျောင်းတက်ရရင် ကိုယ့်လွယ်အိတ် ကိုယ် လွယ်မှာပဲ။ ကိုယ့်စားစရာခြင်း ကိုယ်ဆွဲမှာ ဘဲ။ အမေ့ကို မလွယ်ခိုင်း မဆွဲခိုင်းပါဘူး။ အမေက ပိန်ချီချီလေးနဲ့ အိပ်ရာထဲ အမြဲလှဲ နေရတာ သနားပါတယ်။
အမေက လူသာပိန်တာ အသံက တော့ကျယ်တယ်။ အမေ့ကို ဆေးခန်းပြပါ လားလို့ ပြောလာရင် အမေပြန်ပြောတဲ့ စကား မျိုးမျိုးမှတ်မိတယ်။
“သေတော့ ၀ဋ်ကျွတ်တာပေါ့” တဲ့။
အမေ့ရောဂါကို မျိုးမျိုးမသိပေမဲ့ အမေခံစားနေရတာတော့ မျိုးမျိုး သိတယ်။ အမေက ညညဆို မအိပ်နိုင်ဘဲ ကြိတ်ညည်း နေတတ်တယ်။ “ဆေးရုံပြကြည့်ပါလား၊ ဗမာဆရာနဲ့ ပြကြည့်ပါလား” လို့ပတ်ဝန်း ကျင်က ပြောရင်လည်း လက်မခံဘဲ ထူးဆန်း တဲ့မျက်နှာနဲ့ ခေါင်းခါပြတယ်။ အမေများ တစ်ခုခုဖြစ်ရင် ဒုက္ခပဲလို့ မျိုးမျိုးတွေးမိတယ်။ အမေဘယ်လောက်ငေါက်ငန်း၊ ဘယ် လာက်ခေါက်ခေါက် မျိုးမျိုးကတော့ ချစ် တယ်။ အမေ့ကိုချစ်သလို အဖေ့ကိုလည်း ချစ်တယ်။
ကြာပင်တွေထဲမှာ ပန်းရောင်ကြာလေး တွေကိုတွေ့ရင် မျိုးမျိုးနဲ့ညီမလေးက
“ဟိုအပွင့်က အမေ၊ ဟိုအပွင့်က အဖေ” လို့ပြောတတ်တယ်။ အရမ်းလှတဲ့ ကြာပွင့်ကိုတော့ “မျိုးမျိုး” ၊ “တိုးတိုး” လို့
အပြိုင်အော်ကြတယ်။ ညီမလေးက သူပြော တာ နောက်ကျရင် တကျီကျီနဲ့ ငိုတော့တာ ပဲ။ အဲဒီတော့ မျိုးမျိုးက ချော့ရပြန်ရော။
“အေးပါ။ လှတဲ့ကြာလေးနာမည်က တိုးတိုး။ ဘေးက မျိုးမျိုးနော်။ တိတ်တိတ်”
ဒီတော့မှ ညီမလေးက အငိုတိတ် တယ်။
“မျိုးမျိုး မြန်မြန်ပြန်ခဲ့။ ဟင်းချက်ရ အောင်”
အမေ့အသံပြန်ကြားတော့ ဘိစပ်ရွက် တွေ အမြန်ခူးလိုက်တယ်။ ဘိစပ်ရွက်တွေ မျိုးမျိုး ခြင်းတောင်းထဲ ပြည့်နေမှ။ နို့မိုဆို အမေခေါက်နေဦးမယ်။
အမေ ခုတလော နေမကောင်းဘူး။ အဖေ့ကို အရင်လို ရန်မတွေ့နိုင်ဘူး။ အမေ က မျိုးမျိုးကို ထမင်းချက်သင်ပေးတယ်။ အိပ် ရာထဲကနေပြီးသင်ပေးတာ။ ထမင်းအပျော့ အမာကို မျိုးမျိုး မကြည့်တတ်တော့ အမေ့ အိပ်ရာထဲယူပြရတယ်။ အမေက “အနေ တော်ပြီ။ ချ” ဆို မျိုးမျိုးချလိုက်တယ်။ နောက်နေ့တွေလည်း အမေချခိုင်းတဲ့ အနေ အထားကြည့်ပြီးချက်တော့ အဆင်ပြေ တယ်။ ထမင်းချက်ပြီးရင် မျိုးမျိုးက ပြွန်ထိပ် မှာ အိတ်လျှော်နေတဲ့ ဦးခါးကုန်းတို့ဆီ ပြေး သွားတယ်။
ဦးခါးကုန်းနဲ့ သူ့သားလေး ပီနံအိတ် တွေလျှော်နေကြတယ်။ ရိုးချောင်းထဲက ရေ နဲ့ လျှော်ရတာလေ။ ဦးခါးကုန်းက သူများ တွေလိုမမြန်ဘူး။ ခါးကကုန်းနေတော့ အရှိန် ယူပြီး အိတ်ကို ခါနေရတာကိုး။ အိတ်တွေက ကြက်အစာထည့်တဲ့အိတ်တွေဆိုတော့ ညစ် ပတ်နေတာပဲ။ အကြာကြီးလျှော်ရတယ်။ လျှော်ပြီးတဲ့အိတ်တွေကို နေလှန်းရတယ်။ အထူအပါးခွဲရတယ်။ မျိုးမျိုးက ၀င်ကူလုပ် ပေးရင် မျိုးမျိုးကို မုန့်ဖိုးပေးတယ်။ ညစ်ပတ် နေတဲ့အိတ်ကို နေပူထဲမှာလျှော်ရပေမဲ့ တအိတ်မှ တအိတ်မှ နှစ်ကျပ်ပဲရတယ်။ အိတ်က မျိုးမျိုးအရပ်ထက်ရှည်တော့ ခြေ ဖျားထောက် လက်ဆန့်ပြီး အိတ်ကို မြေကြီး ပေါ် လျှောက်လှမ်းရတယ်။

 

 

 

 

 

 

 

  

ညနေပိုက်ဆံရှင်းရင် ဦးခါးကုန်းက မျိုး မျိုးကို တစ်ရာပေးတယ်။ တခါတလေ ဗွီဒီယို လိုက်ပြတယ်။ ဗွီဒီယိုတော့ မျိုးမျိုးကြိုက် တယ်။ နေ့ခင်းကနေ ဘယ်လောက်ပူပူ ဗွီဒီ ယိုရုံထဲကျရင် နေ့ခင်းကအပူကို မျိုးမျိုးမေ့ သွားတယ်။ ဗွီဒီယိုကားထဲက သူဌေးခန်းတွေ က သိပ်အားကျဖို့ကောင်းတာပဲလို့ ဦးခါး ကုန်းမိန်းမက ပြောတယ်။ မျိုးမျိုးကတော့ ကြော်ငြာထဲက စုမေလို အင်္ကျီလှလှလေးဝတ် ပြီးကစားချင်တယ်။ ဟိုက်တီးကြော်ငြာထဲမှာ စုမေကစားရင်းဝတ်တဲ့အင်္ကျီလေးက သိပ်လှ တာပဲ။ စုမေ သူ့အမေမှာတဲ့ ဟိုက်တီးကို မေ့နေသေးတယ်။ မျိုးမျိုးအမေလိုသာ အမယ်စုံမှာရင် ဘယ်လိုနေမယ်မသိဘူး။ မျိုးမျိုးကို အမေမှာတာများစုံလို့။ မေ့ရင် အမေက ခေါက်တာ။ မျိုးမျိုးကလည်း မမေ့ ပါဘူး။ ဘယ်သူ့မှာမှာ အကိုက်ဖြစ်အောင် ၀ယ်ခဲ့တာပဲ။ စုမေသာဆို ၀ယ်တတ်ပါ့မလား မသိဘူး။ ပါးစပ်က “ဟိုက်တီး ဟိုက်တီး” ဆို သွားရသေးတာမဟုတ်လား။
အဲဒီညက မျိုးမျိုး အိပ်မက်ထဲမှာ စုမေ ၀တ်တဲ့ အင်္ကျီလေးဝတ်ပြီး ဘိစပ်ရွက်တွေ လိုက်ခူးနေတာ။ ဘိစပ်ရွက်အဖူးဝါ၀ါလေး တွေက မျိုးမျိုးအင်္ကျီလေးမှာ ကပ်နေတာများ စုမေ အင်္ကျီထက်ပိုလှတယ်။
အဖေ တညလုံး ငိုထားလို့ မျက်ခွံတွေ ရောင်နေတယ်။ နှာခေါင်းတွေလည်း နီရဲလို့။
“မခင်မေရယ်…. သမီးနှစ်ယောက်နဲ့ ငါ့ကို ထားသွားပြီပေါ့”
မျိုးမျိုးနဲ့ ညီမလေးကို အဖေဖက်ငိုပြီး တော့ မျိုးမျိုးတို့ညီအစ်မလည်း ငိုတာပေါ့။ အမေကတော့ အိပ်ရာပေါ်မှာ။ အဖေ အလုပ်သွားခါနီး အော်နေကျ အမေ မအော် တော့ဘူး။ မျိုးမျိုးက သေတယ်ဆိုတာသိပေမဲ့ ညီမလေးကမသိဘူး။ အဖေငိုလို့ လိုက်ငို တာ။ အဖေကတော့ အမေ့အမျိုးတွေရှေ့မှာ မျက်နှာငယ်လေးနဲ့။ အမေ့ညီမက အမေ သေရတာ အဖေ့ကြောင့်လို့ အပြစ်ပြောကြ တယ်။ အဖေ့ကို ၀ိုင်းပြောကြတော့ မျိုးမျိုး အဖေ့ကို သနားလိုက်တာ။ အစ်ကိုတို့က အမေ့ကို နေ့ချင်းသင်္ဂြိုလ်ဖို့ နာရေးကူညီမှု အသင်းကိုသွားပြီး အကြောင်းကြားနေတယ်။ အမေ့အမျိုးတွေရှေ့မှာ မျိုးမျိုးတို့သားအဖ ဟိုကြည့်ဒီကြည့်နဲ့ မငိုရဲတော့ဘူး။ ဦးခါးကုန်း မိန်းမက အဖေ့ကို ပြောတယ်။
“ကိုစိုး …မခင်မေအတွက် သက် ပျောက်ဆွမ်းနဲ့ မြေဆင်းသပိတ်လုပ်ရမယ် လေ”
“ငါ့မှာ တထောင်တော့ရှိတယ် ဖြစ် မလား”
“ဖြစ်ပါတယ် အဖေရဲ့”
မျိုးမျိုးစကားကြားတော့ အမေ့အမျိုး တွေက မျိုးမျိုးကို လှမ်းကြည့်တယ်။ အိမ်ပေါ် မှာမနေဘဲ သစ်ပင်အောက်မှာစုပြီး အဖေ့ အတင်းပြောနေကြတာလေ။ အမေ့အတွက် ဘာလုပ်ရမယ်လို့ သူတို့မပြောဘူး။ မျိုးမျိုး လက်ထဲ ငွေတထောင်ရရင် မျိုးမျိုး ဘာဝယ် လို့ပြောမယ့် အမေမရှိပေမဲ့ မျိုးမျိုး မှတ်မိနေ တာပဲ။ အမေကြိုသိနေလို့များ မျိုးမျိုးကိုပဲ ခိုင်းခဲ့တာလား။
မျိုးမျိုးဈေးထဲရောက်တော့ မျိုးမျိုးကို ဈေးသည်တွေက ခါတိုင်းထက်ပိုထည့်ပေးကြ တယ်။ ဈေးကအပြန် ဘိစပ်ရွက်တွေ အများ ကြီးရအောင် မျိုးမျိုး ခူးတယ်။ ဘိစပ်ရွက် အပွင့်များများနဲ့ အပင်ကို မျိုးမျိုး နှုတ်ခဲ့ တယ်။
အိမ်ရောက်တော့ ဦးခါးကုန်းမိန်းမက ချက်တယ်။ ဆွမ်းကို သပိတ်ထဲထည့်၊ ချိုင့်ထဲ ထည့်ပြီး အမေ့အတွက် တရားနာကြတယ်။ အဖေက အမျှ၊ အမျှ၊ အမျှ လို့ကျယ်ကျယ် တောင် မအော်နိုင်ဘူး။
အမေ့ကို ကားထဲသွင်းခါနီးမှာ မျိုးမျိုး ကို အဖေက ကန်တော့ခိုင်းတယ်။ မျိုးမျိုးနဲ့ ညီမလေး ကန်တော့ပြီး မျိုးမျိုး မီးဖိုချောင်ထဲ ၀င်လိုက်တယ်။
အမေ အမြဲခူးခိုင်းတဲ့ ဘိစပ်ရွက်အပင် ကို မျိုးမျိုး အမေ့လက်ထဲထည့်ပေးလိုက် တယ်။ အမေ့အမျိုးတွေက “ဟဲ့ … ဘာလုပ် တာလဲ” တဲ့။ အဖေက အံ့အားသင့်ပြီး မျိုး မျိုးကို လှမ်းပြောတယ်။
“မျိုးမျိုး..ဘာလို့ဘိစပ်ရွက်ကို ထည့်ရတာလဲ”
“အမေက ကြိုက်တယ် အဖေရဲ့။ နေ့တိုင်း မျိုးမျိုးကို ခူးခိုင်းတာ”
“သမီးရယ်”
ဘာဖြစ်လို့လဲ မသိဘူး။ အဖေ မျိုးမျိုး ကို ဖက်ပြီး ငိုလိုက်တာလေ ကုက္ကိုပင်ပေါ်က ငှက်တော်လေးတွေ လန့်ပျံသွားတယ်။

(နှင်းပန်းအိမ်)

၂၀၀၇ ခုနှစ်၊ ဇွန်လ၊
အလင်းသစ် ရွေးသီရာ ၀တ္တုတိုများစာအုပ်မှ ကူးယူဖော်ပြပါသည်။

  

အလွမ်းမုတ်သုံ၊ မှုံပြာရီအချစ်မြစ်၊ စူးနစ်ခဲ့ရ ဘ၀တောင်တန်းရှည်  ((( မောင်လွမ်းဏီ )))

 

လွမ်းလိုက်တာကိုကို။ ကိုကိုနေထိုင်ကောင်းရဲ့ လား။
မိုးကအေးစိမ့်၊ လေကသုန်ဖြူး၊ အရုဏ်ဦးဆိုပေမယ့် အလင်းရောင်ပါးပါးလွလွကိုမှ မမြင်ရ။ မိုးမှောင်ကြီး ကျနေသလိုမျိုးလည်းမဟုတ်၊ အမှောင်ကျဲကျဲ အလင်းမွဲမွဲလို့ ပဲ ဆိုရချေမည်။ မနီးမဝေးရှိ
မြို့ ပြအိမ်ယာ တိုက်တာများကို လှမ်းမျှော်ကြည့်တော့ ခဲသားစိမ်းရောင် လှိုင်းထနေ၏။ လယ်ကွင်းစိမ်းစိမ်းတွေ၊ တောင်တန်းညို့ မှောင်မှောင်တွေ၊ တောခင်တန်းနုပြာရေးရေးတွေကို မှန်းရော်မြင်ယောင်ကြည့်မိသည်။ ပြတင်းတံခါးကို ဖွင့်လိုက်သည့်အခါ မိုးစက် တစက် နှစ်စက်က ပါးပြင်နုရဲရဲကို လာထိမှန်သည်။ မြို့ ပြမှာ ရှားရှားပါးပါး သက်ရင့်ပင်ကြီးတွေလည်း ပျောက်ဆုံးသွားခဲ့။ ဖြိုဖျက်တိုက်စားသွားခဲ့သည့် မုန်တိုင်းဒဏ်ရာက အကင်းမသေသေး၊ လသာညတိုင်း ကိုကို နှင့် လှမ်းမျှော်ကြည့်တတ်သည့် ကံ့ကော်ပင်ကြီးနှင့် ကုဣိယ်ပင်တန်းကြီးလည်း မရှိတော့ပြီ။ ငေးရီကြည့်မောမိနေစဉ် ဆွေးမြေ့ တသဖွယ် အလွမ်းသီချင်း တပုဒ်က ပဲ့တင်ပြန်လာသလို ရင်ကိုထိမှန် ခံစားရပြန်၏။  အနောက်တောင်မုတ်သုံလေမှာ ပါလာမယ့် အလွမ်းတွေကို ကိုကို မျှဝေခံစားနေလေမလား။ အဝေးမှာ … အဝေးကြီးမှာ … ဟို့  အဝေးကြီးမှာ …။
ကိုကို နေကောင်းပါစေ။
 

==မိုးအေးတယ်နော် ညီမလေး၊ အနွေးထည်ထူထူဝတ် ဟုတ်လား++ ကိုကို့ ရဲ့  ပူပူပန်ပန် စကားသံက ရင်ထဲကို စိမ့်ဆင်းသွားခဲ့သည်။ “ဒီတရက် နှစ်ရက် မုတ်သုံလေအားကောင်းမယ်လို့  သတင်းကြေညာထားတယ်နော်”။ “ဟုတ် ကိုကို၊ ကိုကို ကော်ဖီသောက်ဦးမလား”။   “ဒေါက် “ဒေါက်” “ဒေါက် တံခါးခေါက်သံကြား၊ တံခါးသွားဖွင့်သည့် ကိုကို့ ကို တီဗွီကြည့်နေရင်းမှ လှမ်းကြည့်လိုက်မိသည်။
သူစိမ်း ၅ ယောက် တိုက်ခန်းထဲကို  ခပ်သော့သာ့ ၀င်လာကြပြီး တခန်းလုံး ဟိုလှန်သည်လှော ရှာကြ ဖွေကြသည်။ ရေအိမ်သာထဲကိုတောင် မြေလှန်ရှာနေတာကို ကြည့်ပြီး ခါးသီးရွံရှာဖို့ ကောင်းလိုက်တာ
လို့  ခံပြင်းနေမိ၏။ တယောက်က ကိုကို့  လက်ကိုင်ဖုန်းကို လွယ်အိပ်ထဲကောက်ထည့်ပြီး “ကဲ ခနလိုက်ခဲ့ ပါအုံး”။ လှေကားပေါ်က ဆင်းသက်သွားကြတဲ့ တခွပ်ခွပ် တရှပ်ရှပ် ဖိနပ်သံများ။ ကားစက်နှိုးသံများ၊ ကားမောင်းထွက်သွားသံများ တိတ်ဆိတ်သွားတော့မှပင် ကိုကို့ ကို ဘာမှ မပြင်ဆင်ပေးလိုက်ရတာ၊ နှုတ်မဆက်လိုက်ရတာ၊ ဘာမှမမေးမြန်းလိုက်ရတာတွေကို စဉ်းစားမိရင်း ကိုယ့်ကိုကိုယ် ဝေခွဲမရဖြစ်နေမိသည်။ မောပန်းနွမ်းလျစွာဖြင့် အိပ်ယာထက်တွင် လဲလျောင်းခွေချလိုက်၏။
ကိုယ်ကိုစောင်းငဲ့ပြီး ကိုကို့ အလုပ်စားပွဲလေးကို လှမ်းကြည့်လိုက်မိ၏။ ကစဉ့် ကလျား ပြန့် ကျဲလွင့်ကျနေသည့် ဒီတပတ်ဂျာနယ်အတွက် ကိုကို ပြင်ဆင်နေသည့် ရေးလက်စ စာမူကြမ်းများ၊ ဓာတ်ပုံများ၊ ပွင့်လျက်သား ကွန်ပြူတာ။ ကိုကိုနဲ့ အတူ တွဲရိုက်ထားတဲ့ဓာတ်ပုံလေး။ ငုတ်တုတ် ထ ထိုင်မိပြန်သည်။ အရေးကြီးတာက အရေးကြီးတယ်  ဒါအရေးကြီးဆုံးကိစ္စပဲ။ ၀မ်းဗိုက်ကို လက်ဖြင့်အသာအယာ ပွတ်သပ်ရင်း ကိုကို့ ကို ပြောပြချင်တဲ့ စိတ်က ပြင်းပြင်းရှရှ နှိုးဆွနေသလိုပဲ၊ ရှေ့ အပတ်ဆို ၆ လပြည့်တော့မှာ။
 

 
ကိုကို ဘယ်ရောက်နေလဲ။ သူစိမ်းတွေလက်ထဲမှာ ဘယ်လိုထိခိုက်ကြေကွဲမှုတွေ ကြုံနေရမလဲ။ ကိုကို မရှိကတည်းက တိုက်ခန်းမှာ လာနေပေးရှာသည့် မေမေ့ကိုလည်း ကိုကိုနဲ့ ပတ်သက်တာတွေ ပြောမပြချင်။ တလပင်ကျော်ပြီလေ။ ကိုကို နှစ်ရှည် နေခဲ့ထိုင်ခဲ့တဲ့ အရပ်ဒေသ တခုခု၊ တမြို့ မြို့  တနယ်နယ်၊ အခန်းကျဉ်း တခန်းခန်းမှာတော့ အလွမ်းတွေ အမှတ်ရစရာတွေ အောက်မေ့မှုတွေနဲ့  ပိဝပ်
လေးလံ အထီးကျန်နေမှာ အသေအချာပါပဲ။ ဘ၀မှာ မမျှော်လင့်တာတွေ ဖြစ်လာတတ်သလို မျှော်လင့်ထားတာတွေကလည်း စောလျင်စွာ သို့ မဟုတ် နောက်အကျကြီးကျပြီးမှလည်း ရောက်လာတတ်တာပဲ မဟုတ်လား။ ကိုကိုက ယုံကြည်တာကို မျှော်လင့်ချက် ချိန်ခွင်လျာ
တဖက်စောင်းနဲ့ ဘ၀ကိုဖြောင့်တန်းတဲ့ မြားတစင်းဖြစ်အောင် ပစ်ခတ်နေသူလေ။ ကိုကိုက တိမ်တိုက်တခုလို
ဆောက်တည်ရာမဲ့ လွင့်မျောလူးလိမ့်နေတာမှမဟုတ်တာ။ ကြုံရာ မြေသားမှာလည်း ရွက်ကျပင်ပေါက်လို ကျင့်သားမကျသူ။ ပုံစံခွက်ထဲမှာ နေသားထိုင်သားကျရမှာထက် သစ်တပင်လို ရှင်သန်ခွင့်မရမှာကို အစိုးရိမ်ကြီး စိုးရိမ် ကြောင့်ကြတတ်သူဖြစ်လေတော့ ကိုကို့ အနားမှာ စာနာနားလည်စိတ်နဲ့  စိတ်အနာတွေကို ဖြေရာပြေကြောင်း နားခိုမှေးလျောင်းနေခွင့်ကိုပဲ တောင်းဆိုနေခဲ့တာပါလေ။ အိပ်မပျော်ဘူး။ အိပ်လို့ မရဘူး။ သို့ ပေမယ့် အိပ်ရမည်။ အိပ်မက်ထဲမှာ ကိုကိုနဲ့ ဆုံနိုင် တွေ့ နိုင်သည်၊ ဆိုးရွားထိတ်လန့် ဖွယ်ကောင်းသည့် အိပ်မက်ဖြစ်ပါစေ အကျေနပ်ဆုံး မက်ပစ်လိုက်ပါမည်။
 
 
ညက အိပ်ရာဝင် နောက်ကျလို့ လားမသိ။ ၈ နာရီကျော်မှပင် အိပ်ရာက နိုးသည်။”ရက်ပိုင်းပဲ လိုတော့တယ်နော်။ ကျန်းမာရေးဂရုစိုက်ပါ။ လမ်းမှန်မှန်လျှောက်ပါ။ ဆေးပုံမှန်စားပါ။ စိတ်ညစ်စရာတွေ မတွေးနဲ့ ”တဲ့။ ကိုကို့ မိတ်ဆွေ ဆရာဝန်စာရေးဆရာက ညွှန်ကြားချက်များ ရွတ်ဖတ်သည်။ ဒီအချိန်ဟာ ကိုကို ရှိသင့်တဲ့အချိန်ပေါ့။ ကိုကို့  လက်မောင်းကို တင်းတင်းရစ်ရစ်ဆုပ်၊ ကိုကို့ ပုခုံးသားပေါ် မှီတွယ်ခိုမှေးပြီး မရှိတော့တဲ့ ကံ့ကော်ပင်ကြီးရှိခဲ့တဲ့ နေရာကို လမ်းလျှောက်ရရင် ကောင်းမှာပဲ။
ဟောင်းမြင်းဆွေးမြေ့ ခဲ့ပြီဖြစ်တဲ့ ကိုကို့ ရဲ့  ဒဏ်ရာ အနာတရရက်များအကြောင်းပဲပြောပြော၊ သစ်လွင်တောက်ပတဲ့ ရွှေရောင်တောင်ပံခတ်သံများအကြောင်းကိုပဲ ပြောပြော။ အနာဂတ်စိတ်ကူးကမ္ဘာအကြောင်း ပြောပြော၊ ပြောနော်ကိုကို။ တိုးညှင်းချမ်းမြေ့ သည့် စကားရေစီးသံတွေ ချိုလွင်ပျံသန်း စီးမျောနေမှာပါ။
“သမီး မွန်းလွဲနေပြီလေ၊ ထမင်းစားပြီးရင် ဆေးသောက် ဟုတ်လား” မေမေပြင်ဆင်ပေးတဲ့ ထမင်းဝိုင်းကို ငေးငေးရီရီနဲ့  ကြည့်မိရင်း ကိုကို ကြိုက်နှစ်သစ်တတ်သည့် ဟင်းလျာလေးများကို တွေတွေဝေေ၀ စဉ်းစားနေမိပြန်တယ်လေ။ “ကလင် ကလင် ကလင်”။ “ …… အိမ်ကပါလားခင်ဗျာ” ဟုတ် ဟုတ် ပါတယ်” ။ မတုန်လှုပ်ပေမယ့် ရင်ခုန်လှိုက်မောမိတာတော့ ၀န်ခံပါတယ်ကိုကို။
“ ဒီကနေ့ မနက်ပိုင်း အင်းစိန်အကျဉ်းခုံရုံးကနေ သေဒဏ်စီရင်ချမှတ်လိုက်တဲ့အကြောင်း အကြောင်းကြားတာပါ “။ ” ရှင်   ဘုရားရေ  မေမေ ” ။ ပြိုလဲယိမ်းယိုင်သွားသည့် ခန္ဓာကိုယ်ကို ထိန်းမတ်ရင်း အိုးထိမ်းစက်နှယ် သွက်သွက်ခါ ချာလည်ရမ်းသွားသည့် နှလုံးသားရပ်ဝှမ်းတပြင်လုံး တုန်ရီမောဟိုက်နေတော့၏။ ” သမီး  သမီးလေး  သတိထားနော်၊ ငိုချင်ရင် ငိုချပစ်လိုက်ပါသမီးရယ် “။
စို့ နင့်မွန်းကျပ်မှုကြောင့်ပေပဲလား၊ ငိုလို့ မရဘူးကိုကို။ ကြေကွဲစိတ်က တလိမ့်လိမ့် ပြိုဆင်းလာသည်။ ကြေကွဲစိတ်က နရီစည်းမဲ့ တွန်းပို့ နေရော့သလား။ မျက်ရည်စီးကြောင်းများက ပါးပေါ်မှာ နာကျင်ကြေကွဲစိတ်ကို ထုဆစ် လိုက်သလိုပါပဲ။ အာဃာတ အမုန်း ပဋိပက္ခ၊တွေက စစ်ပွဲတွေ ကြိုးစင်တွေနဲ့  အကျဉ်းနံရံတွေကို ပိုမိုပြီး အကျည်းမတန်စေတော့ဘူးတဲ့လား။ မည်သို့ ပင်ရှိပါစေတော့ကိုကို။ သန့် စင်ရိုးသားတဲ့၊ မှုံပြာရီ မှိုင်းဝေလဲ့နေတဲ့ အချစ်မြစ်တစင်းက စီးဆင်းမြဲစီးဆင်းနေမည်ဆိုတာ ကိုကို ယုံကြည်စူးနစ် ပါစေတော့လို့  ဆုတောင်းယုံကလွဲပြီး။
 
သမီးကို မွေးတော့ ကိုကို အနားမှာ မရှိနိုင်ခဲ့။ ကိုကို့ ကို တွေ့ ဆုံခွင့်ဆိုတာ လရောင်ကို စောင့်စားမျှော်ကိုး
နေရသည့် နရသိန်ဇရာညများပါပဲ။ သုံးရာသီ သုံးကြိမ်ပြောင်းပေမယ့် ကိုကို့ ကို တွေ့ ခွင့်ရခဲ့တာ ၅ ကြိမ်ထက်မပိုခဲ့။ အေးစက်တင်းခဲနေတဲ့ ကိုကို မျက်ဝန်းထဲမှာ သမီးကိုဖတ်ကြားနေပေမယ့်
မျက်ရည်နဲ့ မချော့မြှူခဲ့။ မျှော်လင့်ချက်တွေ၊ ယုံကြည်စိတ်တွေ၊ ပိုင်စိုးလိုစိတ်တွေက လမ်းတခုကို
ရှာဖွေတွေ့ ရှိသလိုမျိုးပါကိုကို။ စောင့်ကြိုခြင်းကို စောင့်ကြိုခြင်းသည်သာ သစ္စာတရားရဲ့  အနက်ရှိုင်းဆုံး သင်္ကေတဆိုတာ အ<ကင်းမဲ့ယုံကိုယုံတာ။ ဘ၀မှာ မမျှော်လင့်တာတွေ ဖြစ်လာတတ်သလို မျှော်လင့်ထား တာတွေကလည်း စောလျင်စွာ သို့ မဟုတ် နောက်အကျကြီးကျပြီးမှလည်း ရောက်လာတတ်တာပဲ မဟုတ်လားလို့  ကိုကို့ ကို ပြောပြခဲ့ဘူးတယ်မို့ လား။
    ” ဟယ် … ကိုကို၊ ဘာလို့ ကြို အကြောင်းမကြားတာလဲဟင် ” ။ ကိုကို့ ရင်ခွင်ထဲအတင်းပြေးဝင် ဖက်တွယ်ထားမိသည်။ ၃ နှစ်ကျော် ခိုအောင်းနေခဲ့သည့် မျက်ရည်များက တာကျိုးသလို ကိုကို့ ရင်ထဲသို့  သွန်ချနေမိ၏။ ” သမီးလေးရော” ။ ” ကျောင်းသွားတယ်လေ၊ ပြန်လာခါနီးပြီ၊ မေမေ သွားကြိုနေတယ်” ။
“ ကိုကိုလည်းမထင်ထားတဲ့၊ မမျှော်လင့်ထားတဲ့အဖြစ်ပါကွယ်၊ ဒီမနက်မှာ ခေါ်ပြီး သူတို့ ပြောချင်ရာပြောပြီး ပြန်လွှတ်လိုက်တာပဲ၊ ကိုကိုလည်း နားမလည်နိုင်သလို ရင်လည်းမရှင်းဘူးကွာ”။ ” ကိုကို ဘယ်လိုထင်လဲဟင် ”
“ အမှန်တရားက ကြိုးစင်တွေကို ဖြိုချပစ်နိုင်လို့ ပေါ့ကွယ်” ။ “ဟော သမီးတို့ ပြန်လာပြီကိုကို”။ ” လာပါအုံး သမီးလေးရယ်၊ ဖေ့ဖေ့ကို မှတ်မိလားဟင် “။ မစိမ်းသော်လည်း မရင်းချာသည့် အကြည့်ဝိုင်းဝိုင်းဖြင့်
သူ့ အဖေကို သမီးကြည့်နေတာ နင့်ကနဲ ခံစားရမိ၏။ ” ကိုကို ဘာဆက်လုပ်မလဲ ” ။ ကိုကိုက ပက်ကနဲ သမီးပါးပြင်ကို နမ်ရှိုက်လိုက်သည်။ == ကိုကို ဘာဆို ဘာမှ ပြောင်းလဲသွားမှာ မဟုတ်သလို ဘာအရာကမှလည်း ပြောင်းလဲအောင်လုပ်မရပါဘူးကွယ်”။
ကိုကို့ အပြုံးမှာ သိုက်မင်ငှက်တကောင်၏ တေးသံဖြင့် စွတ်စိုနေတော့သည်။
 
” ဟေ့ကောင် အိမ်ပြန်ရောက်နေတာ ၆ လကျော်ပြီ၊ ဖုန်းချည်းဆက်မနေနဲ့ အုံး၊ ငါအလုပ်ရှိနေတယ် “။ ” ၁၀ ကား စာချုပ်ရထားတယ်၊ ၅ ကား မင်း ဇာတ်ညွှန်းရေး၊ ဒါပဲ မင်း ဇာတ်တွေ လာယူ၊ ပိုက်ဆံလည်း ကြိုထုတ်ချင်ထုတ် ဟုတ်ပြီလား ”
“ ရဲဘော်ကြီး ဘာမှ စိတ်ဓာတ်ပျက်ပြားမနေနဲ့ ၊ အရင်ကိစ္စ၊တွေ နောက်မှရှင်းမယ်၊ ဂျာနယ်အသစ်တစောင်လုပ်မယ်၊ မင်း စားပွဲ မင်းပြန်ထိုင် ”
“ ငါ ကိုကိုဦး အလုပ်တွေ ပြန်လုပ်၊ သားအမိနှစ်ယောက်အတွက်လည်း အချိန်ပေး၊ ကြုံရင် ငါလည်း ရန်ကုန် ဆင်းလာခဲ့မယ် “။

“ ၃ နှစ်သက်တမ်းမှာ ကိုယ်တို့ ဂျာနယ်က စောင်ရေ တက်လာတာ စေတနာမှန်လို့ ပေါ့ ရဲဘော်ကြီးရာ၊ မင်း ယုံကြည်တာ မင်းဆက်လုပ်စမ်းပါ၊ တို့ မြဲထားဖို့ က အဓိက သော့ချက် “။

“သမီး ၇ နှစ်ပြည့်  မွေးနေ့ လေး လုပ်ချင်တယ် ကိုကို”။
 
သမီးမွေးနေ့ မှာ ကိုကိုနှင့်သမီး ပျော်ရွှင်ကြည်နူးနေမှုများကို တွေ့ ရမြင်ရတော့ ဆုံးရှုံးခဲ့ရသည့်နှစ်ကာလများကို နှမျောတသ မဆုံးဖြစ်ရပြန်။ ညီမလေး ပျော်ပါတယ်ကိုကို။ ဒီအပျော်လေးတွေက ကြာရှည်ကြာမျော ခံနိုင်ပါစေ။ မိသားစုအိပ်မက်များက ညီမလေးတို့ ၏ ချမ်းမြေ့ အေးနုသည့် လမင်းအိမ်လေးဖြစ်လိုက်ပါတော့။

လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။ တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်းအေးချမ်းကြပါစေ။ ပဲ့တင်ထပ်နေတဲ့ ဆုတောင်းမေတ၊ာပို့ သံတွေက ဘယ်ရပ်ဌာနီက လွင့်ပျံလာမှန်းမသိဘူး။ တိုက်ခန်းနံရံတွေကို ပဲ့တင်တုန်ခါနေတော့သည်။ ကိုကိုလည်း ပြန်မရောက်သေးဘူး။ နီးနီးလေးပဲ၊ တကယ့်နီးနီးလေး။ ပီပီသသ ကျယ်ကျယ်လောင်လောင် ကြားနေရတာပဲ။ မေမေရေ  … ၀ရံတာကို ပြေးထွက်ပြီး လမ်းမကို ငုံ့ ကြည့် လိုက်တဲ့အခါ။ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။
တို့ မေတ္တာစွမ်း ကမ၊ာလွှမ်းအေးချမ်းကြပါစေ။ ။ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။
တို့ မေတ္တာစွမ်း ကမ၊ာလွှမ်းအေးချမ်းကြပါစေ။ ။ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။
တို့ မေတ္တာစွမ်း ကမ၊ာလွှမ်းအေးချမ်းကြပါစေ။ ။ ရဟန်းသံဃာတော်တွေ လမ်းလျှောက် မေတ္တာ
ပို့ သံတွေက ဘ၀ဂ်ကို ညံနေပါရော့ လား။ မဲနက်ပြာနှမ်းနေသည့် ကတ္တရာလမ်းမကျယ်သည် ရွှေဝါရောင် ဖန်ရေသင်္ကန်းတို့ ဖြင့် ခြုံလွှမ်းစီးမျော နေပါပကော။ ကိုကို့ ဆီ ဖုန်းဆက်ဖို့ သတိရလာသည်။ ကိုကို ဂျာနယ်တိုက်က ဖုန်းတွေက လိုင်းပူးနေတာတွေနဲ့ ချည်း ကြုံနေရ၏။ နောက်ဆုံးတော့ မေမေ့ကို သမီး ကျောင်းသွားကြိုပေးဖို့ ပြောလိုက်ပြီး ကိုကို စောစော ပြန်ရောက်မှာပါစေလို့  စိတ်ဒုံးဒုံး ချရင်း။
ကိုကို အခါတိုင်းထက် တော်တော်နောက်ကျပြီးမှ ပြန်ရောက်လာသည်။ ကိုကို့ မျက်နှာကို ဖတ်ရတာ အဓိပါယ်ဖွင့်ဆိုရ ခက်နေသလိုပဲ။ ကိုကို စားလို မကောင်းလို့ လား၊ ကိုကို ကြိုက်တဲ့ ၀က်ပုန်းရည်လေ။
ညီမလေး မျက်လုံးတွေကို ငေးရီကြည့်နေသည့် ကိုကိုရင်ကို ထိုးခွဲနေမိလေသလား။ ခွင့်လွှတ်ပါကိုကို။
“ ကိုကို ဘာဆက်လုပ်မလဲ “။ ” စောပါသေးတယ်ကွယ် ” ။ မေမေ့ ကြေးစည်ထုသံ၊ အမျှဝေသံလေးတွေက ကိုကို ထမင်းဝိုင်းက ထသွားသည့်အထိ လွင့်ဝေလှုပ်ခတ်နေပေါ့။

လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။ တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ။ ။
လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။ တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်းအေးချမ်းကြပါစေ။ ။
သမီးကို ချီပိုးချော့မြူနေရင်းက ညီမလေးကို လှမ်းကြည့်တဲ့ ကိုကို့ ကို နားလည်သူပါကိုကိုလို့  ပြောမထွက်။ သမီးကို ဆွဲယူပွေ့ ဖက်ရင်း လှေခါးတထစ်ချင်း ဆင်းလျှောက်သွားသည့်
ကိုကို့ ကျောပြင်ကို ခံစားနားလည်နိုင်စွမ်းအပြည့်ဖြင့်သာ။
မနေ့ ကညကလိုပဲ ကိုကို နောက်ကျပြီးမှ ရောက်လာသည်။ “ကိုကို ထမင်းခူးရမလား”"နေပစေတော့၊ ကိုကို ကိုသူရတို့ နဲ့  အပြင်မှာပဲစားခဲ့တယ် ” ကိုကို လုပ်စရာရှိတာလုပ်ပါကိုကို၊ ညီမလေးတို့ ကို ဘာမှမစဉ်းစားနဲ့ နော်”၊ စိတ်ထဲရှိသည့် အရိုးသားအသန့် စင်ဆုံးစကားကို ဆိုမိ၏။
“ ကလင် ကလင် ကလင် ” ဟလို အမိန့် ရှိပါ ” ဟေ့ကောင် ငထွေး ငါ ကိုသူရ ”ပြောကိုသူရ”
“မနက်ဖန်မနက် မင်းနဲ့ စာရေးဆရာမနဲ့  ရေသန့် ဘူးတွေနဲ့ ထမင်းဘူးတွေ သယ်ပို့ လုပ်၊ မင်းသားလင်မယားနဲ့ ကဗျာဆရာတွေက ကြေးသွန်းဘုရားကြီးမှာ အားလုံးစုဆုံဖို့ ပြောပြီးပြီ၊ ဒါပဲကွာ”သမီးအိပ်ယာမနိုးသေးခင်မှာ ကိုကို ထထွက်သွားသည်။ ဒီနေ့ တနေ့ လုံး စိတ်မော လူမောဖြစ်နေသည်။ ဆုတောင်းမေတ္တာပို့ တဲ့ သံဃာတော်တွေ ရဟန်းငယ်လေးတွေကို ပစ်ခတ်လူစုခွဲသတဲ့။ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခွင်းသတဲ့။ တွေ့ သမျှ လူရောရဟန်းရော မဲမဲမြင်ရာ ရိုက်နှက်ဖမ်းဆီးနေသတဲ့။ ရန်ကုန်တမြို့ လုံး သေနတ်သံတွေ၊ အောင်ဟစ်သံတွေ၊ ပြေးလွှားသံတွေနဲ့  ဖုန်းလွှမ်းနေသတဲ့။ ၀ရံတာကို ထွက်ပြီး မိုးကောင်းကင်ကို မော့ကြည့်လိုက်၏။ မဲမှုံဆိုင်းဝေနေတော့သည်။
ညသန်းခေါင်ကျော်မှ ကိုကို ပြန်ရောက်လာသည်။ “ရက်စက်ယုတ်မာတယ်ညီမလေးရာ၊ စကားလုံးကို ရှာမရတော့ဘူး”နားလိုက်ပါကိုကို ညီမလေးတို့  အရာအားလုံးကို ကြိုတင်တွက်ဆထားပြီးသားမို့ လား” ကလင် ကလင် ကလင်” ပြောပါ ” ငါ ကဗျာဆရာ၊ ကိုသူရကို ဆွဲသွားပြီ၊ မင်းသားလင်မယားလဲ ဆွဲသွားပြီတဲ့၊ မင်းလုပ်စရာရှိတာ ဆက်လုပ်ဖို့ ပြင် ထားတော့”
ကိုကို ဖုန်းကို ချလိုက်ပြီး အိပ်မောကျနေသည့် သမီးလေးပါးနုပြင်ကို ငုံနမ်းနေသည်။
အ၀တ်ဘီဒိုထဲမှ ကိုကို့ အ၀တ်အစားတချို့ ကို ဆွဲထုတ်လိုက်မိ၏၊ သောက်ဆေးတချို့ ကို စဉ်းစားကြည့်နေစဉ် တံခါးခေါက်သံများက ဆူနာမိပင်လယ်လှိုင်းအော်သလို အော်မည်ဝင်ရောက်လာသည်။ ကိုကို၏ လွမ်းမောဖွယ် နှုတ်ဆက်အပြုံးကို ခေါင်းဆတ်ပြလိုက်သည်။
ဘ၀တောင်တန်းရှည်ပေါ်မှာ စူးနစ်နာကျင်စရာတွေက ကိုကို နဲ့  ညီမလေးတို့ အတွက် မွေးဖွားလာခဲ့သည်ဟုဆိုပါရင် အကျေနပ်ဆုံး ထွေးပွေ့ ဖို့  ၀န်မလေးပါကိုကို

လွမ်းလိုက်တာကိုကို။ ကိုကိုနေထိုင်ကောင်းရဲ့ လား။
မိုးကအေးစိမ့်၊ လေကသုန်ဖြူး၊ အရုဏ်ဦးဆိုပေမယ့် အလင်းရောင်ပါးပါးလွလွကိုမှ မမြင်ရ။ မိုးမှောင်ကြီး ကျနေသလိုမျိုးလည်းမဟုတ်၊ အမှောင်ကျဲကျဲ အလင်းမွဲမွဲလို့ ပဲ ဆိုရချေမည်။ မနီးမဝေးရှိ
မြို့ ပြအိမ်ယာ တိုက်တာများကို လှမ်းမျှော်ကြည့်တော့ ခဲသားစိမ်းရောင် လှိုင်းထနေ၏။ လယ်ကွင်းစိမ်းစိမ်းတွေ၊ တောင်တန်းညို့ မှောင်မှောင်တွေ၊ တောခင်တန်းနုပြာရေးရေးတွေကို မှန်းရော်မြင်ယောင်ကြည့်မိသည်။ ပြတင်းတံခါးကို ဖွင့်လိုက်သည့်အခါ မိုးစက် တစက် နှစ်စက်က ပါးပြင်နုရဲရဲကို လာထိမှန်သည်။ မြို့ ပြမှာ ရှားရှားပါးပါး သက်ရင့်ပင်ကြီးတွေလည်း ပျောက်ဆုံးသွားခဲ့။ ဖြိုဖျက်တိုက်စားသွားခဲ့သည့် မုန်တိုင်းဒဏ်ရာက အကင်းမသေသေး၊ လသာညတိုင်း ကိုကို နှင့် လှမ်းမျှော်ကြည့်တတ်သည့် ကံ့ကော်ပင်ကြီးနှင့် ကုက၊ိုပင်တန်းကြီးလည်း မရှိတော့ပြီ။ ငေးရီကြည့်မောမိနေစဉ် ဆွေးမြေ့ တသဖွယ် အလွမ်းသီချင်း တပုဒ်က ပဲ့တင်ပြန်လာသလို ရင်ကိုထိမှန် ခံစားရပြန်၏။  အနောက်တောင်မုတ်သုံလေမှာ ပါလာမယ့် အလွမ်းတွေကို ကိုကို မျှဝေခံစားနေလေမလား။ အဝေးမှာ … အဝေးကြီးမှာ … ဟို့  အဝေးကြီးမှာ …။
ကိုကို နေကောင်းပါစေ။
 
(ကိုဇာဂနာနှင့် ညီ ဇော်သက်ထွေးသို့ )
 
မောင်လွမ်းဏီ
၂၁ ၈ ၀၉