ရေနောက်ရာ မြက်ခြောက်ရာ
သေချင်းဆိုး မိုးကလည်း ရေသွန်သလို ရွာချနေတော့တာပဲ။ တိတ်တယ်ကိုမရှိတော့ဘူး။
မီးကလည်းမတောက်နိုင်ဘူး။ မဗိုက်တယောက် စက္ကူဟောင်းတချပ်နဲ့  မီးသွေးဖိုကို
တဖြတ်ဖြတ် ယပ်ခပ်ရင်း မိုးကိုကျိန်ဆဲနေသည်။ သူ့ ဘေးဖျာစုတ်တချပ်ပေါ်၌
သူ့ သားသီဟတယောက် မီးသွေးခဲတတုံးနှင့်ဟိုခြစ်သည်ခြစ်လုပ်နေ၏။ မဗိုက်တို့ သားအမိဘ၀က ကြမ်းတမ်းဆင်းရဲလွန်းသည်ဟုပင် ပြောရပါမည်။ မဗိုက် ဒီခလေးမရခင်အဖြစ်ကလည်း ရယ်ရခက်ငိုရခက်မျိုး။
မဗိုက်က မော်လမြိုင်သူ၊ မဗိုက် ၁၆ နှစ်အရွယ်မှာ မိဘနှပါးစလုံး ရှေ့ ဆင့်နောက်ဆင့် ဆုံးပါးသွားတော့ အဖွားကခေါ်ထားရရှာသည်။
မိဘမောင်ဖွားသားချင်းတွေကလည်း အိုးခွဲအိမ်ခွဲတွေဖြစ်ကုန်ပြီလေ၊ အစ်ကိုတွေ အမတွေ
မော်လမြိုင်မှာ ရှိကြသေး၏။ ငယ်ငယ်ရွယ်ရွယ်နှင့် လုပ်ကိုင်စားသောက်ဖို့ ကလည်းမသိ၊ ပညာကလည်း
ရေးတတ်ဖတ်တတ်ရုံ၊ တနေ့ တော့ မဲဆောက်ကပြန်လာတဲ့ အိမ်နားက အမတွေကို ကြည့်ပြီး
မဗိုက်အံ့သြနေသည်။ ၀တ်တာစားတာကလည်း အပျံစားတွေ ပိုက်ဆံဆိုတာလည်း အထပ်လိုက် အထပ်လိုက် သုံးလိုက်ကြတာ တကယ့် လူချမ်းသာတွေလိုပဲ။ သူတို့ မိဘတွေက သူလိုကိုယ်လို
လုပ်ကိုင်စားသောက်ကြတဲ့ ကျပ်ကျပ်တည်းတည်း ချို့ ချို့ တဲ့တဲ့တွေ ဘာကြောင့်သူတို့ တွေ ဒီလောက်
သုံးနိုင်စွဲနိုင်လည်းပေါ့။
တညနေ အဲဒီ့အမတယောက်ကို မ၀ံ့မရဲ နှုတ်ဆက်ပြီး မဲဆောက်အကြောင်း တီးခေါက်မေးမြန်းကြည့်ပြီး တညလုံး မဗိုက်အိပ်မပျော်တော့ဘူး။ မျက်စေ့ထဲမှာ မီးရောင်စုံ
တထိန်ထိန်ဝတ်ကောင်းစားလှ ဘောင်းဘီတွေ စကပ်တွေ ကားတွေ လူတွေကို အိမ်ခေါင်မိုးမှာ တွေ့ 
နေရသလို တွေ့ နေရတော့၏၊ တမနက် လမ်းထိပ်မှာ ဟိုနေ့ က အမတွေကို တွေ့ တော့ မဲဆောက်ကို ဘယ်လိုလာရလည်း မေးကြည့်ထားလိုက်သည်၊ လွယ်မှလွယ်လို့  အတွေးနဲ့  မဗိုက် ကျေနပ်ပီတိဖြစ်နေရှာသည်။
ဒါနဲ့ ပဲ ဒီမဲဆောက်ကို အရောက်လှမ်းဖို့  မဗိုက်ကြံသည်။ စိတ်ကတော့ အိပ်မက်တွေကို ခရီးဆောင်တပတ်ရစ်အိတ်မှာ သိုလှောင်ပြီး တပွေ့ ပွေ့ ။ အဖွားမသိအောင်လည်း အမေအမွေထားခဲ့သည့် နားကပ်လေးတရံကို ထုခွဲဖို့ ဈေးသွားမေးထားပြီးပြီ။ တရက် မဗိုက် ဖားအံ မြ၀တီကား
အတက်အဆင်းအကြောင်း သွားစုံစမ်းတာ အိမ်ပြန်နောက်ကျရမလားဆိုပြီး အဖွားက ရစရာမရှိအောင် ဆူသည်။ နင်ကိုယ်နင် ဘာထင်နေလဲ၊ အချိန်မတော် ဟိုသွားဒီသွား ကောင်းမယ်များထင်နေသလား။ ကောင်မဖာဖြစ်သွားမယ် ဘာမှတ်လဲတဲ့။ တညလုံး အဖွားနဲ့  စကားများကြသည်။ အဖွားကို စိတ်က နာနာကျည်းကျည်း ဖြစ်မိသည်။ အရုဏ်တက်တော့ မဗိုက်ဖားအံ့ကားပေါ်ရောက်နေပြီ။ စိတ်က
လှုပ်ရှားနေပေမယ့် စိတ်နှလုံး ဒုံးဒုံးချထားလိုက်ပြီကို။ ကံကောင်းတယ်ပဲ ပြောရမလား။
ကားထွက်ခါနီးတော့ အသိကောင်မလေး နှယောက်တက်လာသည်။ နှုတ်ဆက်ခဲ့တယ် မော်လမြိုင်။ကန်တော့ခဲ့ပါတယ် ကျေးဇူးရှင်အဖွား။
မဲဆောက်ကို ရောက်လာတဲ့အထိ ချောမချော ပြေမှပြေ။ အသိမိန်းခလေးတွေက မဲဆောက် ရောက်ဖူးကြသူတွေ၊ နင်တို့  ဘယ်သွားကြမှာလဲလို့ မေးမိတော့ တို့ အကိုတွေ အမတွေဆီ သွားမှာ
သူတို့ က ဈေးထဲမှာ လာကြိုကြမှာတဲ့၊ သူတို့  အကိုတွေ အမတွေက အပ်ချုပ်စက်ရုံမှာ အလုပ်လုပ်နေကြတာတဲ့။ငါလုပ်လို့ မရဘူးလားလို့ မေးတော့ နေထိုင်ခွင့်တို့  အလုပ်လုပ်ခွင့်တို့ ရှိမှတဲ့။ နောက်ပြီး နင်က အပ်ချုပ်တာလည်း တတ်မှမတတ်ပဲ။ကျေးဇူးတင်ပါတယ်ဟယ်
တကယ်လို့ များ အလုပ်လေးဘာလေးရှိရင် ငါ့ကိုပြောပါပေါ့၊ ဒီလိုလုပ်
ငါတို့ တွေ ဈေးထဲသွားကြမှာ နင်လိုက်ခဲ့၊ တို့ အကိုတွေက အဆက်အသွယ်တချို့ ရှိတယ်၊ တို့ အကိုကို
စုံစမ်းခိုင်းမယ်။ ဈေးထဲမှာ လျှောက်သွားနေတုန်း မိန်းခလေးတယောက်အလိုရှိသည်ဆိုတဲ့ ဆိုင်းဘုတ်လေးတွေကို စာလုံးပေါင်းဖတ်ပြီး အသိကောင်မလေးတွေကို အားကိုးတကြီး
ငေးကြည့်နေမိသည်။
ချိန်းထားတဲ့ဆိုင်တဆိုင်ရောက်တော့ သူအကိုတွေနဲ့ တွေ့ ၊ကောင်မလေးတွေက အကျိုးအကြောင်း ၀ိုင်းပြောပေးကြတော့ အဆင်ပြေတယ်ပြောရမှာပဲလေ၊ သူတို့ မိတ်ဆွေတယောက်ရဲ့ 
ထိုင်းသူဌေးတယောက်စားသောက်ဆိုင်မှာ စားပွဲထိုးအိမ်ဖော်အလုပ်ရခဲ့သည်။
ကိုယ့်ရပ်ရွာသားတွေရဲ့  ကူညီခဲ့တာတွေကို ဆပ်လို့ ရယ်ဘယ်မကုန် ကျေးဇူးဂုဏ်အသေင်္ချေအဖြစ်
မှတ်ယူခဲ့သည်။ အဲဒီနေ့ က ကောင်မလေးတယောက်က သူ့ အကိုကို မေးနေတာတွေ မဗိုက် အငေးသား
နားထောင်မိရင်း အိမ်ပြန်ရ ကောင်းမလား စဉ်းစားမိပြန်သည်။ အကိုလေး ဟို ခင်မျိုးဝေ အကိုနဲ့ 
တွေ့ သေးလား။တော်ပါဟာ ဒီကောင်မတွေအကြောင်း ထိုင်းသူဌေးမယားငယ် လုပ်သွားပြီ။ မိဘဆွေမျိုး မျက်နှာတောင် မထောက်ဘူး။သူဌေးလိုလို ခွေးလိုလိုအစားတွေ။ အောင်မလေးတော် ဒါနဲ့  နီနီခင်ရော
အဲဒီ့ကောင်မက ပိုဆိုးသေးတယ် ထိုင်းပုလိပ် တိတ်တိတ်ပုန်းမယားငယ်။ ရှင် အလိုလေး ဘုရားရေ။
————————————————-
မဗိုက်လုပ်ရသည့်ဆိုင်ကလည်း ပင်ပန်းလွန်းလှသည်။ မနက် ၃ နာရီထ ဆေးရကြောရ
ချက်ရပြုတ်ရ လျှော်ရဖွတ်ရ သိမ်းရဆည်းရနဲ့  ည ၁၂ နာရီထိုးမှပဲ ရေချိုးအိပ်ရာဝင်ရသည်။ ထိုင်းစကားမပေါက်တော့ ခိုင်းတာလည်းကောင်းကောင်းနားမလည် သူဌေးမဆူတာချည်းနေ့ တဓူဝ ခံနေရသည်၊ မဗိုက်အရင် ၂ နှစ်လောက်က လုပ်နေသည့် ကရင်အမကြီးတယောက် စကားပြန်ပေး စကားသင်ပေး ဖေးဖေးမမ စောင့်ရှောက်ပေလို့ သာ။ ကရင်အမကြီးက သဘောသကာရကောင်းရှာသည်။ထိုင်းရောက်ရင် ဘယ်လိုနေ ဘယ်လိုစား ဘယ်လိုသွား
ဘယ်လိုထိုင်ကအစ ည အိပ်ရာဝင်တိုင်း သင်ပေးရှာသည်။ငါ့ရည်ရွယ်ချက် တနေ့ ပြည့်ရမယ်ဆိုတဲ့စိတ်နဲ့  မောင်းတင်ခဲ့ပေမယ့်။
၂ လခန့် ရှိခဲ့ပြီ။မဖြစ်စလောက် မ၀ရေစာ ထိုင်းထမင်းကို စားနေရပေမယ့် တကြိမ်တခါမှ ထိုင်းပိုက်ဆံကို ကိုင်မသုံးရ လခမရ၊ လခက တလ တထောင်၊ အမကရင်မကို တောင်းခိုင်းတော့ ငါသွားတောင်းရင် ငါပါ အလုပ်ထုတ်ခံရမှာပေါ့တဲ့၊ ငါစလုပ်တုန်းက ၈ လလောက်မရခဲ့ဘူးတဲ့။ ဒါနဲ့  နောက်နေ့ မနက် သူဌေးမဆင်းလာတော့ လခပေးပါလို့  သွားတောင်းသည်။ မကရင်ကို စကားပြန်ခိုင်းသည်။
လက်မှတ်မရှိပဲ အလုပ်ခိုင်းထားတာတဲ့၊ သနားလို့ ကျွေးထားတယ်ဆိုတဲ့အပေါက်။ ရဲကို ခေါ်ဖမ်း
လို့ ရတယ်ဆိုပြီး ငေါက်သည်။ ခနနေတော့ မကရင်မက ဈေးကို အချိုမှုန့် သွားဝယ်ခိုင်းသည်။
ငွေ ၅၀ ဆယ် ပေးလိုက်၏။ဆိုင်နဲ့ ဈေးနဲ့ က ကျောချင်းကပ်။ ဖြစ်ချင်ရာဖြစ်ဆိုပြီး ဆိုင်နဲ့  ဝေးနိုင်သမျှဝေးအောင် ပြေးခဲ့မိသည်။
ပြေးမဲ့သာပြေးခဲ့ရသော်လည်း ဘယ်ရောက်၍့ ဘယ်ပေါက်မှန်းမသိ။ လမ်းဘေးကုက္ကိုပင်ပင်အောက်ဝင်ထိုင်လိုက်စဉ် အဖွားအိုတဦး အထုပ်တထုပ်ချ၍ ထိုင်နေသည်ကို ကုက္ကိုပင်နောက်ဖက်၌ တွေ့ ရသည်။ အဖွားအိုက သူ့ ကို ဂရုမပြုအား မျက်လုံးလေးမှေးစက်၍ အမောဖြေနေပုံရသည်။ တအောင့်နေမှ မျက်လုံးဖွင့်၍ ညည်းက ဘယ်ကပြေးလာတာလဲ။ ရှင် ကျမ ပြေးလာတယ်၊အဖွား ဘယ်လိုလုပ်သိလဲ။ငါဒီမဲဆောက်မှာနေလာတာ ၁၀ နှစ်ကျော်ပါပြီဟယ်၊ ညည်းလိုမိန်းခလေးတွေ ခနခနတွေ့ ဖူးတယ်။ ရှင်။
ဇာတ်လမ်းချုံ့ လိုက်တော့ မဗိုက် ထိုအဖွားနောက် လိုက်ပါခဲ့သည်။ အဖွားက စီးပွားပျက်သူဌေးတဦးပိုင် ခြံပျက်ကြီးတခြံထဲရှိ တိုက်ပျက်တလုံးတွင်နေသည်။ ဒီခြံကြီးထဲတွင် တိုက် ပျက် ၆ လုံးရှိသည်။ ပိုင်ရှင်သူဌေးက ဘန်ကောက်မှာနေသည်။ ထိုခြံစောင့်များအဖြစ် အဖွား၏ အကိုဖြစ်သူနှင့် တူများက ထိန်းသိမ်းနေထိုင်ကြ၏။အဖွားနေထိုင်သည့် ဧည့်စာရင်းမတိုင်ရသော်လည်း တောမောဆိုသူတွေ နေ့ နေ့ ညည ဖမ်းတတ်ဆီးတတ် ကြမ်းတတ်ရမ်းတတ်သောတိုက်ပျက်တလုံးတွင် အဖွားနှင့် ကြုံရာကျဘမ်းလုပ်ကိုင်စားသောက်ရင်း ဘ၀ကို ခရီးဆက်ခဲ့ရပြန်သည်။
၃ လလောက် ရှိတော့ အဖွားက တို့ အိမ်ပြောင်းမှဖြစ်မယ်။ ဒီတိုက်ပျက်မှာက မီးမရှိတံခါးမရှိ၊ ညည်းကအပျိုရွယ်လေး တခုခုဖြစ်သွားရင် မကောင်းပါဘူးအေ။ ဘယ်ပြောင်းမှာလဲအဖွား။ ဒီနားပါပဲအေ ဒီ့ထက်နည်းနည်းစိတ်ချလုံခြုံတဲ့နေရာပေါ့။ ဟိုနားပါ ကျွန်းတောစု။
——————————————
တနေ့  မနက်ခင်း ရပ်ကွက်ထဲမှာ သာရေးနာရေး ဘာရေးညာရေးမှာ မပါမပြီးတဲ့
ဘိုးတော်မြင့်သန်းနဲ့ ဒေါင်ချာမောင်စိုင်းတို့ နှယောက်ကျွန်တော့်အိမ်ရောက်လာသည်။ ဆရာ ညနေကျရင် လိုက်ခဲ့ပါအုန်း။ဘာအရေးပေါ်ပြန်ပြီလဲဘိုးတော်။မောင်စိုင်းက ဒီလိုပါဆရာ လွန်ခဲ့တဲ့ ၆ လလောက်က အဖွားသိန်း ခေါ်စောင့်ရှောက်ထားတဲ့ကောင်မလေးလေ၊ မိခင်အေးဆိုတာ အဲဒါ ကျွန်းစုထဲက ငကြွက်နဲ့  ယူမလို့  ရပ်ကွက်က လူကြီး လေးငါးခြောက်ယောက် ဖိတ်ပေးပါဆိုလို့ ။ ကောင်းပြီ ကောင်းပြီ ညနေ ကျွန်တော့်ဝင်ခေါ် ဟုတ်လား။ ကျွန်တော်အလုပ်လေးနည်းနည်းရှိလို့ ။
လူကြီးစုံရာရှေ့ မှာတောင်းရမ်းပေါင်းသင်းပွဲလုပ်ခဲ့ပြီးတာ တလပြည့်လုပြည့်ခင်
တညနေမှာ ဘိုးတော်မြင့်သန်းနဲ့ ဒေါင်ချာစိုင်းတို့ နှယောက် ရောက်လာပြန်ပါသည်။
ဘာကိစ္စပေါ်ပြန်ပြီလဲ ဘိုးတော်။ဆရာလိုက်မှဖြစ်မယ်ဆရာ ပြသနာရှုပ်နေလို့ ။ ဘာပြသနာလဲ ဆိုပါအုန်း။ ဟိုရောက်တော့ဆရာတွေ့ မှာပါ။လာ လာဆရာ သွားရအောင်။
မဗိုက်တို့ တဲကို ရောက်တော့ လူကြီး သုံးလေးယောက်၊ သူ့ ယောက်ျား၊
မိန်းမတယောက်နဲ့ ခလေး၃ယောက်ကိုတဲပေါ်မှာတွေ့ ရသည်။
ကျွန်မဘာမှမသိခဲ့ပါဘူးရှင်၊သူကလူပျိုဆိုပြီး ယူချင်တယ် ချစ်လို့ ပါလို့ ပြောလို့  ကျွန်မ အဖွားခွင့်ပြုချက်တောင်းပြီး လူကြီးတွေရှေ့ မှောက်မှာ သူ့ ကို ယူခဲ့တာပါ။
လင်ခိုးမရဲ့  ဒီမှာတွေ့ လား။ ကလေး ၃ ယောက်၊ ဟဲ့ငကြွက် ပြောလိုက်လေ၊ နင်ဝန်ခံလိုက် နင်မပြောရင်
ပွဲကပြီးမှာမဟုတ်ဘူးအကောင်ရဲ့ ။ သူ့ ယောက်ျားကတော့ တုံဏိဘာဝေ။
ဆန်မလော့တစီးပေါ်မှာ သူ့ ယောက်ျား ခပ်စွာစွာမိန်းမနဲ့ ခလေး၃ ယောက်ကို မျက်ရည်နဲ့  ငေးရီရင်း ကျွန်မမှားပါပြီဆရာဆိုတဲ့ အလွမ်းဇာတ်ကို မဗိုက်ပြည်ဖုံးကားချလိုက်သည်။
တိုက်ပျက်ကို ဗိုက်မဖျက်ပဲ ပြန်ရောက်သွားပြန်သည်။
အဲဒီနောက်ပိုင်း လမ်းထဲမှာ အ၀တ်လိုက်လျှော်တဲ့အိမ်တွေမှာ၊ ကန်စွန်းရွက်ချိုးတဲ့ လယ်ကွင်းတွေထဲမှာ ဗိုက်တကားကားနဲ့  မဗိုက်ကိုတွေ့ ရပါတော့သည်၊ မိခင်အေးပျောက် မဗိုက်အမည်ပေါက်။နေ့ ချင်းညချင်း မဗိုက်အမည်တွင်သွားပါသည်။
မဗိုက်မွေးပြီဆရာရေ့ ၊ ယောက်ျားလေး။
လမ်းထဲတွင် မဗိုက်ကို သူ့ ခလေး ပိုက်လျက်၊ ခါးတစ်ခွင်ချီလိုက်၊ လက်ဆွဲ
မုန့် သွားဝယ်လိုက်တွေ့ ခဲ့ရသည်မှာ ရာသီ အလီလီ အိုယွင်းခဲ့ချေပြီ။
——————————–
လွန်ခဲ့တဲ့ ရက် ၂၀ လောက်က မဗိုက် ကျွန်တော့်အိမ် ရောက်လာသည်။ ပြောမဗိုက် ယောက်ျားယူမယ်ဆိုရင်လဲ သေချာမေးမြန်းစုံစမ်းပြီးမှယူ။ နင့်အရှုပ်ထဲ ငါတို့ ကိုဆွဲမထည့်နဲ့ ။
တော်ပါဆရာရယ်၊ ကျွန်မတခါပဲ အမှားခံပါမယ်၊ ခုလာတဲ့ကိစ္စက သီဟကို ကျောင်းထားချင်တယ်ဆရာ။
အော် ဒါများ ကောင်းတာပေါ့ဟ၊ ခု သီဟက အသက်ဘယ်လောက်ရှိပြီလဲ။ ၃ နှစ်ပြည့်ပြီးပြီဆရာ၊ အဲဒါ။
အေး ကောင်းတာပေါ့၊ ဘယ်ကျောင်းထားချင်တာလဲ၊ ဟိုဆရာ့မိန်းမဖွင့်ထားတဲ့မူကြိုကျောင်းလေ၊
အေးကောင်းတာပေါ့ နီးနီးနားနား ညည်းဘာလိုလဲ။ ဆရာ့မိန်းမကိုပြောပေးပါလား၊ ကျောင်းဝတ်စုံအဟောင်းလေးတွေ ရှာပေးပါလို့ ။ ကျောင်းဝတ်စုံအတွက် မပူနဲ့  တို့ ရှာပေးမယ်၊ လွယ်အိပ်လေး ဘာလေးရောပေါ့ဟာ၊ ဟုတ်ပြီလား၊ ကျေးဇူးတင်ပါတယ်ဆရာရယ်၊ နေစမ်းပါအုန်း ကျောင်းဝင်ကြေး ဘာညာညည်းမှာပေးဖို့ ရှိလား။ ရှိပါတယ်ဆရာ
အမိုးတို့ ဆီမှာ လခကြိုထုတ်လိုက်မယ်။
အေးအေး ကောင်းတယ်၊ နင်မတတ်ပေမယ့် နင့်သားပညာတတ်တယောက်ဖြစ်တော့ နင်လင်ကောင်းသားကောင်းရတာပေါ့ ဟုတ်လား။
ဒီလိုနဲ့  မဗိုက်သား ကျောင်းတက်နေပါပြီ၊ ကျောင်းပျော်တဲ့အကြောင်းလည်း မဗိုက် ပြုံးပြုံးရွှင်ရွှင်
အိမ်ဝင်ဝင်ပြောပြပါသည်။ ကျွန်တော့်မိန်းမကလည်း ဟိုကောင်သီဟအတွက် သားငယ်မသုံးတော့တဲ့ ကျောပိုးအိပ်လေးပေးအုန်းမှပဲဟုပြောသည်။
ဒီရက်ထဲ မိုးက အဆက်မပြတ်ရွာသွန်းနေသည်။ မဗိုက်တို့ သားအမိ အိမ်ဘက်
ရောက်မလာသည်မှာပင် သုံးလေးရက်ရှိပြီ။ မိုးထဲလေထဲ တညနေမှာ မဗိုက်တို့  သားအမိ အိမ်ရောက်လာသည်။ ဟဲ့ မဗိုက် ဘယ်ပျောက်နေလဲ၊ ယောက်ျားရှာထွက်နေတာလား၊ မဗိုက်မျက်နှာက မကြည်လင်၊ ညှိုးညှိုးယော်ယော်၊ နွမ်းနွမ်းဖတ်ဖတ်၊ မဗိုက်နေမကောင်းဘူးလား။ နင့်သားနေမကောင်း
လို့ လား။ ကျောင်းထားရတာ အဆင်မပြေလို့ လား။ ဘာအခက်အခဲရှိလဲပွင့်ပွင့်လင်းလင်း ပြောနော်မဗိုက်၊ လိုတာရှိရင်လည်းပြော ဆရာ့မိန်းမကိုပြောပေးမယ်။ အေးနင့်သားဖို့ တောင် သားငယ်ကျောင်းလွယ်အိပ်ဟောင်းလေး ပေးအုန်းမလို့ တဲ့။
မဗိုက်ငုံ့ လျှိုးနေသည့်မျက်နှာကို မော့လိုက်၏။ ဆရာ သီဟကို ကျောက်ထွက်ခိုင်းမလို့ ။
ဘာ ဘာပြောတယ်မဗိုက်၊ ညည်းသားကျောင်းတက်တာ ၁၀ရက်တောင်မပြည့်သေးဘူး ဘာရောဂါတက်ပြန်ရတာလဲ၊ ကျောင်းဆိုတာ တက်ချင်တိုင်းတက် ထွက်ချင်တိုင်းထွက်လို့ မရဘူး။ သိပါတယ်ဆရာ။ ဒီလိုပါ။ကျွန်မလဲ ဘယ်မှာ သီဟကို ကျောင်းထွက်စေချင်ပါ့မလဲ၊ ဒါပေမယ့် အဟီးဟီး
မဗိုက်ချုံးပွဲချ ငိုပါတော့သည်။ ကဲ ဆရာ့ကို ရှင်းရှင်းလင်းလင်းပြောစမ်းပါ မဗိုက်ရာ၊ ညည်းဟာက။
ဆရာတို့ ကို အများကြီး ကျေးဇူးတင်ပါတယ်ဆရာ၊ ကျွန်မမှာက သီဟကျောင်းစတက်တဲ့နေ့ 
ကစပြီး သူ့ ကျောင်းသွားဖို့  မျက်နှာသစ် သနတ်ခါးလူးပေး၊ မုန့် ထည့် ကျောင်းပို့ ရတာပေါ့နော်။
သူ့ ကျောင်းပို့ ပြီး အမိုးတို့ အိမ်မှာ အလုပ်သွားဆင်းတယ်။ အမိုးတို့ က ကျွန်မတို့ သားအမိအပေါ် အင်မတန်
ကောင်းတဲ့သူတွေပါ။ ဆရာသိပါတယ်။ ခလေးကျောင်းစရိတ်တောင် ကြိုထုတ်ပေးကြသူတွေပါ။ ဒါပေမယ့်
အမိုးတို့ က စက်ရုံအနီးမှာ ထမင်းကျော် ခေါက်ဆွဲကျော်ရောင်းတာမဟုတ်လား။ ကျွန်မရောက်သွားတဲ့အချိန်တိုင်း အမိုးတို့ ဆိုင်ကသိမ်းနေပြီလေ။ ကျွန်မဘယ်မှာစိတ်ကောင်းမလဲ။
ဒါများဟာ ညည်းကလဲ အမိုးကျွန်မအလုပ်ဆင်းတာနောက်ကျတယ်။ သီဟကို ကျောင်းပို့ 
ဖို့ လုပ်ကိုင်ပေးနေရလို့ ပါ။ ကျွန်မ နောက်ကျ အလုပ်ပြီးမှ ပြန်ပေးပါ့မယ်လို့ ပြောဆိုရှင်းပြရင်ကော။
မဟုတ်သေးဘူးဆရာ။ အမိုးတို့ ဆီက ပြန်ရင် ခုကျွန်မ ထိုင်းအိမ်တအိမ်မှာ အ၀တ်လျှော် သန့် ရှင်းရေး သွားလုပ်တယ်။ သီဟ ကျောင်းမှာ ပွဲတွေဘာတွေရှိရင် အ၀တ်အစားသစ်လေး တနှစ်စာမုန့် ဖိုး အပိုအလျှံလေးရအောင် သွားလုပ်တာ။ အဲဒီထိုင်းအိမ်ကိုသွားရင်လဲနောက်ကျ။ အလုပ်ကလုပ်တုန်း သီဟကျောင်းကြိုဖို့  ဖြစ်လာရော။ ခု ကျွန်မက ထိုင်းစကားလဲ အထိုက်အလျှောက် နားလည်လာတော့
သူတို့ ပြောတာတွေ အနည်းအပါးနားလည်နေပါပြီ။ သူတို့ က အလုပ်မလုပ်ရသေးဘူး။ ခေါက်ပိုင်ကဘန်း
ခေါက်ပိုင်ကဘန်း ပြောနေပြီ။ပိုက်ဆံကျ လိုချင်တယ်ပေါ့။ ခု ဖူးနီကစပြီး အလုပ်မဆင်းနဲ့ တော့တဲ့။ အဟီး။
ဆရာမကို ပြောပေးပါလားဆရာ၊ မဗိုက် ညည်းသားကို ဆရာ့မိန်းမရဲ့ မိဘမဲ့ကလေးဂေဟာမှာ ထားပြီး ကျောင်းတက်ခိုင်းပါလား။ ဒါဆို ညည်းလည်း တာဝန်နည်းသွားတာပေါ့။ မဖြစ်ပါဘူးဆရာရယ်။ ကျွန်မတို့ ဘ၀က မြေနိမ့်မှာ။ သီဟကလည်း သူ့ အမေကို ခွဲမှာမဟုတ်ဘူး။
——————————————-
အရိုက်ကြမ်းလှသည့်ကျွန်တော့်ငယ်ဆရာကြီး ဆရာတာ၏ဆုံးမစကားများဖြစ်သော
ပညာရွှေအိုး လူမခိုးတို့ ။ ပညာရဲရင့် ပွဲလယ်တင့်တို့ ။ ပညာရှာ ပမာ သူဖုန်းစားတို့ ။ ပညာလို အိုသည်မရှိ ဆိုသော ပညာအဆိုအမိန့် များကို ပြန်လည်ကြားယောင်နေမိသည်။
စံပယ်ဖြူမဂ္ဂဇင်း၌ စာရေးဆရာ သူရိန်ထက်လင်းရေးသားဖွင့်ဆိုခဲ့သည့် ဗဟုဝါဒ၊ အကြွင်းမဲ့ဝါဒနှင့် ပညာရေးဆောင်းပါးမှ ကောက်နှုတ်ချက်တခုကိုလည်း ကျွန်တော်စဉ်းစားချဉ်းကပ်ကြည့်နေမိပါသည်။
နိုင်ငံတနိုင်ငံ လူ့ အဖွဲ့ အစည်းတရပ်၏ နိုင်ငံရေးတည်ငြိမ်မှု စီးပွားရေးဖွံ့ ဖြိုးမှုနှင့် လူမှုရေး ညီမျှမှုတည်းဟူသော လူမှုအရည်အသွေးများသည် ယင်းနိုင်ငံ၊ ယင်းလူ့ အဖွဲ့ အစည်း၏ ပညာအရည်အသွေးဖြင့်သာ တောက်ပြောင်ရမည် ဖြစ်ပေသည်။ တဲ့။
ကျော်သက်ထွေး
၂၁၆၀၉

